Friday, 21 April 2017 21:07

ဆီးရီးယားတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများ အတွင်း အဆိပ်ဓာတ်ငွေ့ အသုံးပြုထားသည်ကို တွေ့ရှိရ

Written by 
Rate this item
(0 votes)

သဟေ့ဂ်    ဧပြီ    ၂ဝ

ဆီးရီးယားတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများ၌ ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခြင်း ဟုတ်၊ မဟုတ် စမ်းသပ် စစ်ဆေးရာတွင် အဆိပ်ဓာတ်ငွေ့ သို့မဟုတ် အလားတူ ဓာတ်ငွေ့များ သုံးစွဲထားသည်ကို တွေ့ရကြောင်း

ကမ္ဘာလုံးဆိုင်ရာ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေးအဖွဲ့ (OPCW) မှ အကြီးအကဲ အာမက် ယူဇူမက်က ဧပြီ ၁၉ ရက်တွင် ထုတ်ဖော်ပြောသည်။ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ခန်းရှိတ်ခန်းမြို့၌ ဧပြီ ၄ ရက်တွင် ဖြစ်ပွားသော တိုက်ခိုက်မှု အတွင်း ထိခိုက် ခံစားရသူ ၁ဝ ဦး၏ အသားစများကို ဓာတ်ခွဲခန်း လေးခုတွင် စစ်ဆေးရာမှ ထိုအဖြေကို ရရှိခြင်း ဖြစ်သည်ဟု အာမက် ယူဇူမက်က ဆိုသည်။ သူပုန်များ ထိန်းချုပ်ထားသော အိုင်ဒလစ်ဘ် ပြည်နယ် ခန်းရှိတ်ခန်းမြို့၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုအတွင်း ကလေးငယ်များစွာ အပါအဝင် ၈၇ ဦးထက် မနည်း သေဆုံးကာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးရသူများနှင့် ဒဏ်ရာရရှိသူများ၏ ဓာတ်ပုံများက ကမ္ဘာတစ်ဝန်းမှ ပြည်သူများ အတွက် ခံပြင်း ဒေါသထွက်စရာ ဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ သုံးဦး၏ အသားစများကို ယူ၍ OPCW အဖွဲ့အစည်း၏ ဓာတ်ခွဲခန်း နှစ်ခုတွင် စမ်းသပ် အဖြေရှာကြောင်း ယူဇူမက်က ဧပြီ ၁၉ ရက်တွင် အဖွဲ့အစည်း၏ အမှုဆောင်ကောင်စီ ဆွေးနွေးပွဲ၌ ကိုယ်စားလှယ်များအား ပြောသည်။ ထို့ပြင် ဆေးရုံများတွင် ဆေးဝါးကုသမှု ခံယူနေသော ဒဏ်ရာရရှိသူ ခုနစ်ဦး၏ အသားစများကိုလည်း  အခြား ဓာတ်ခွဲခန်း နှစ်ခုတွင် စစ်ဆေး အဖြေရှာရာ နိုင်ငံတကာက လက်သင့်မခံနိုင်သော အဆိပ်ဓာတ်ငွေ့ အသုံးပြုထားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မူကြမ်း ချမှတ်နိုင်ရန် အမှုဆောင် ကောင်စီ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 31 times Last modified on Friday, 21 April 2017 21:14