နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ စိုက်ပျ

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မှော်ဘီ တပ်နယ်ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ပြုလုပ်သည့် ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ် ရွေးချယ်သည်။

          အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦး ချင်းတွေ့ဆုံကာ သင်တန်းကာလတစ်လျှောက် စည်းကမ်းလိုက်နာမှု၊ ဘာသာရပ် အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ် ရွေးချယ်ပေးခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်း များနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း(တညင်းကုန်း) သို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ တိုင်းမှူးနှင့် တာဝန်ရှိသူ များက စိုက်ပျိုး မွေးမြူရေးစခန်း အတွင်း ဥစားကြက်၊ အသားစားကြက်၊ ငါး၊ အသားတိုးဝက်၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်များမွေးမြူထားရှိမှု အခြေ အနေများ၊ ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ နွားမွေးမြူရေးလုပ်ငန်းမှထွက်ရှိသည့် နွားချေးများကို သဘာဝမြေဩဇာ အဖြစ်အသုံးပြုလျက်ရှိသည့် အခြေအနေများနှင့် ဈေးကွက်အလိုက် ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နေ့စဉ်လူနေမှုဘဝတွင် စားရေးသည် အဓိကကျသော ကြောင့်  တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၊ မိသားစု ဝင်များ၏ သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်သည့်အပြင် ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက်လည်း ပိုလျှံသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥနှင့် နို့များကို ဒေသခံများ စားရေးအဆင်ပြေစေရန် စဉ်ဆက်မပြတ်ရောင်းချပေးရန် လိုကြောင်း၊ ရန်ကုန်မြို့၏ လူဦးရေသည် ၇  သန်းကျော်ခန့် ရှိပြီး အသား၊ ငါး၊ ဥနှင့် နို့ထွက်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အတွင်း မွေးမြူရေးဇုန်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့သို့ လုပ်ဆောင် ရာတွင် ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများလည်းရှိသည့်အတွက် ဈေးကွက် လိုအပ်ချက်ကိုသိရှိရန်လိုပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်အထွက်နှုန်းကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သမားရိုးကျ မွေးမြူရေးစနစ်များဖြင့်ကျေနပ်နေ၍မရဘဲ မွေးမြူရေးကျွမ်းကျင်သူပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ ခေတ်မီနည်းစနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းများအဖြစ်သို့ ပြောင်းလဲ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပထမအဆင့် ဒေသ တွင်း စားသုံးမှုလိုအပ်ချက်ကို Target ထား၍ ပြည့်မီအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုမှတဆင့် အရည်အသွေးကောင်းမွန်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် ကာ ဝင်ငွေပိုမိုရရှိစေပြီး လူနေမှုအဆင့်မြင့်မားအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြေခံလူတန်းစားတို့၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်ပေးနိုင်ရန် ကုန်ထုတ်လုပ်မှု ကို နည်းပညာဖြင့်မြှင့်တင်ပြီး ကျယ်ပြန့်သည့် ဈေးကွက်နှင့်အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။

အွန်လိုင်းမီဒီယာများမှလည်း တိုးတက်နေသည့် စိုက်ပျိုးမွေးမြူရေးနည်းစနစ် များကို မျက်ခြည်မပြတ်လေ့လာ၍ သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး တပ်မတော်သား များ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းပေး နိုင်ရမည်ဖြစ် ကြောင်း၊ ထို့ပြင်မိမိတို့တပ်မတော်သားများ၏ စားသောက်နေထိုင်မှုမှအစ လူနေမှု အဆင့်အတန်းကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် ရပိုင်ခွင့် များအပြင် အခြားလိုအပ်ချက်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

ရေရှည်တွင် အထွက်နှုန်းကောင်းမွန်၍ အလေအလွင့်နည်းပါးပြီး ကုန်ကျစရိတ် သက်သာမှုရှိစေရန် စက်မှုလယ်ယာစနစ်သို့ အဆင့်လိုက် မဖြစ်မနေဆောင်ရွက် သွားရန် လိုကြောင်း၊ နေ့စဉ်မဖြစ်မနေ သုံးစွဲနေရသည့် အိမ်သုံးအခြေခံ သစ်သီးဝလံ များကို စိုက်ပျိုးရာတွင် ဒေသနှင့်အချိန်ကို ကိုက်ညီအောင်တွက်ချက်၍ ဆယ့်နှစ်ရာသီ ပတ်လုံးထွက်ရှိအောင် ကြံဆဆောင်ရွက်ရန်လိုကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုဆောင်ရွက်၍ မိမိတို့၏ဒေသနှင့် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုဆောင်ရွက်နေခြင်းသည် State Building ကို ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး‌မွေးမြူရေးစခန်းအတွင်း ငါးများမွေးမြူ ထားရှိမှုနှင့် ဥစားကြက်များမွေးမြူထားမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။