ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ပြီး PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသူများအား ဖောက်ခွဲရေးပစ္စည်းများ၊ ရိက္ခာပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ပြီး PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာနှင့် လက်နက်ခဲယမ်းထောက်ပံ့ပေးသူများအား ဖောက်ခွဲရေးပစ္စည်းများ၊ ရိက္ခာပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၆
    

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်တွင် တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိနေအိမ်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့ဖြင့် သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ခင်မြတ်သူ(NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)အပါအဝင် ထိန်ဝင်း၊ အေးမင်းစိုး၊ အေးသူဇာ၊ ဇော်လင်းတို့ ၅ ဦးကို ဆန်၊ ရိက္ခာပစ္စည်း ၁၃ မျိုး၊ ဆေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    

ဖမ်းဆီးရမိခဲ့သူ ထိန်ဝင်း၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၃၃၀/ခ) တိုက်ခန်းသို့ သွားရောက်ရှာဖွေခဲ့ရာ လက်လုပ်အသံမိုင်း ၃၅ လုံး၊ လက်လုပ်မီးခိုးမိုင်း ၂၈ လုံး၊ လက်လုပ်ယမ်းလုံး(အသေး) ၁ ထုပ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော အခြားဆက်စပ်ပစ္စည်းများ၊ လက်ပံတန်း ဂျီတီအိုင် ကျောင်းသားများ သပိတ်စစ်ကြောင်းစာသားပါ ဗီနိုင်းတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
    

ဆက်စပ်သူများဖြစ်သည့် စံပယ်(မင်္ဂလာဒုံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆေးဘက်ဆိုင်ရာတာဝန်ခံ)ကို ဩဂုတ်လ ၂၂ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်း ရပ်ကွက်၊ မဉ္ဇူသကလမ်း၊ အမှတ်(၁၂၇)၌လည်းကောင်း၊ ဩဂုတ်လ ၂၃ ရက်တွင် ထွန်းထွန်းကို ထောက်ကြန့်မြို့၊ လမ်းဆုံရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၅၃)၌လည်းကောင်း၊ ဥမ္မာခင်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၀)ရပ်ကွက်၊ ထွန်းသီရိ (၁)လမ်း၊ အမှတ်(၅၂၄/က)၌လည်းကောင်း၊ အေးငြိမ်းမိုးနှင့် အောင်သူထက် တို့ကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊  အမှတ်(၃၂၆)တွင်လည်းကောင်း၊ ဩဂုတ်လ ၂၅ ရက်တွင် ခင်စန္ဒာဝင်း(နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဟောင်း၏ဇနီး)ကို အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ လှိုင်မြစ်လမ်းရှိ ဗဟိုအကျဉ်းထောင် (အင်းစိန်)အနီးတွင်လည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။
    

ဖမ်းဆီးရမိသူ ခင်မြတ်သူ(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဟောင်း)သည် ဖြူဖြူသင်း(CRPH အဖွဲ့ဝင်၊ ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၏စေခိုင်းချက်အရ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဟောင်းအများစုဖြင့်ဖွဲ့စည်းထားသော CDM Supporting အဖွဲ့တွင် ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံအဖြစ် ပါဝင်ခဲ့ကြောင်း၊ CDM ဝန်ထမ်းများ၏အချက်အလက်များအား နီနီမေမြင့် (NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)မှတစ်ဆင့် ဖြူဖြူသင်းထံ ပေးပို့ခဲ့သဖြင့် မတ်လတွင် CDM ဝန်ထမ်းတစ်ဦးလျှင် ၁၅၀,၀၀၀ ကျပ်၊ နေ့စားဝန်ထမ်း တစ်ဦးလျှင် ၁၀၀,၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်း ၄၀၀ ဦးအတွက် လည်းကောင်း၊ မေလမှစတင်၍ တစ်ဦးလျှင် ၅၀,၀၀၀ ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ CDM ဝန်ထမ်း ၁,၀၀၀ ဦးအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းငွေများအား ဖြူဖြူသင်းမှ ပေးပို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
  

ထို့ပြင် ဖြူဖြူသင်း က PDF များအတွက် ထောက်ပံ့ရန် ဖြူဖြူခိုင် (နှင်းဆီ အပ်ချုပ်ဆိုင်၊ မုဒိတာအိမ်ရာ၊ သမိုင်း)အား ၁,၅၀၀,၀၀၀ ကျပ်၊ ခင်စိုးစိုးကြည်(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)က ကျော့မေအောင် ထံ ၃၀၀,၀၀၀ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
    

ဖမ်းဆီးရမိသူ ထိန်ဝင်း(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေး အဖွဲ့ဝင်ဟောင်း)သည် ဝေဖြိုးဟန်(ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း)က မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့အားဖွဲ့စည်းရန် တာဝန်ပေးသဖြင့် မင်္ဂလာဒုံပြည်သူ့ ကာကွယ်ရေး အဖွဲ့ ဒုတိယခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ကြီး၊ လှည်းကူး၊ သန်လျင်မြို့တို့တွင် PDF သင်တန်းများ ဖွင့်လှစ်ခဲ့သော ညီညီမင်း နှင့် မင်းမင်း(ခ)ဘစိုင်းတို့ထံ လက်နက်ဝယ်ယူရန်နှင့် PDF များအတွက် ၆,၅၀၀,၀၀၀ ကျပ်အား ထောက်ပံ့ခဲ့ကြောင်း၊ တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ တရားရုံးလမ်းရှိ နေအိမ်တွင် PDF သင်တန်းများဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ကြောင်း သိရှိရသည်။
    

ဖမ်းဆီးရမိသူ အေးမင်းစိုး(မင်္ဂလာဒုံမြို့နယ်၊ PDF ရိက္ခာတာဝန်ခံ၊ မင်္ဂလာဒုံ မြို့နယ်၊ NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း)သည် ဝေဖြိုးဟန်(ရန်ကုန်တိုင်းဒေသကြီး PDF တာဝန်ခံ၊ NLD ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း)၏ စေခိုင်းမှုအရ PDF များအတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လခန့်မှ စတင်၍ ခင်စန္ဒာဝင်း(နိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးဟောင်း၏ဇနီး)က လစဉ် ဆန်နှင့် ဆီများအား PDF အဖွဲ့များအတွက် ထောက်ပံ့ပေးခဲ့ကြောင်း၊ ညီညီမင်း၏ စေခိုင်းမှုကြောင့် သန်လျင်၊ လှည်းကူး၊ တိုက်ကြီးမြို့တို့ရှိ PDF သင်တန်းများသို့ ရိက္ခာပစ္စည်းများပေးပို့ခဲ့ကြောင်း၊ တရားခံ ထွန်းထွန်း သည်လည်း KNU နယ်မြေတွင် ရောက်ရှိနေသော PDF များအတွက် ၁၀,၃၀၀,၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
    

ထိုသို့ NUG နှင့် ဆက်သွယ်၍ CDM ဝန်ထမ်းများအား ငွေကြေးထောက်ပံ့ ခြင်းနှင့် PDF အဖွဲ့များထံ ငွေကြေး၊ ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ခဲ့သူများအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား ကြပါရန်နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။