(၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၄

၂ဝ၂၁ ခုနှစ် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ရုံးအမှတ်(၃၅)၏ ယဉ်ကျေးမှုရတနာ အစည်းအဝေးခန်းမ၌ ကျင်းပရာ အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုနှစ် ကျင်းပမည့် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီတို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ၂ဝ၂၁ ခုနှစ်၊ မေလ ၇ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၃၈/၂ဝ၂၁ ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ယမန်နှစ်က ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တို့ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုနှစ်တွင် ဖွင့်လှစ်ပြသနိုင်ရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုနှစ်ကျင်းပမည့် အာဇာနည်နေ့ အခမ်းအနားသည် ယမန်နှစ်ကကဲ့သို့ Coronavirus Disease 2019(COVID-19)ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်နိုင်ရေးကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ် အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းမီဒီယာများမှ တစ်ဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများကို ကြိုတင်ထုတ်လွှင့်ခြင်း၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော် အဆင့်အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူ အလေးပြုခြင်းနှင့် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမနှင့် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ (၇၄)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ   လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင်  လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊    ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းတာဝန်အလိုက် COVID-19 ကူးစက်ရောဂါဖြစ်ပွားနေမှု အခြေအနေအပေါ် မူတည်၍ အာဇာနည်နေ့ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ အခမ်းအနားပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖိတ်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ရန်ကုန်မြို့တော်ခန်းမ၌ ဆွမ်းဆက်ကပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) အလံတင် အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လုံခြုံရေး အထူးဂရုပြုရန်နှင့် COVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်သူများ အားလုံး COVID-19 Testစစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြား၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး  နိဂုံးချုပ်အမှာစကား ပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း  သိရသည်။