“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

 “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော် တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ် သည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် မေတ္တာပို့ဂါထာတော်များကို နာယူ ကြည်ညိုကြသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ တို့ကို သံပြိုင်ညီညာ ရွတ်ဆိုပွားများ ပူ ဇော်ကြသည်။
ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရတနာပလ္လင်တော်ပူဇော်မည့်နေရာတွင် နေရာယူပြီး မင်္ဂလာ အချိန်တွင် မာရဝိဇယရတနာပလ္လင်တော် အပိုင်း(၁)အား ရတနာရွှေမူလီ တပ်ဆင် ပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
ယင်းနောက် မာရဝိဇယရတနာပလ္လင်တော်မြတ်အား ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့် ဘုရားဒါယကာများက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်ပြီး အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာဖတ်ကြား၍ မေတ္တာပို့ အမျှ ပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်ကြီးများအား ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဆိုင်ရာများနှင့် ပတ် သက်၍ တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူသည်။
ယင်းနောက် အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေ များကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထား ကိုးကွယ်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးအားတူးဖော်ခဲ့မှု၊ နေပြည်တော် သို့ပင့်ဆောင်ခဲ့မှု၊ ပလ္လင်တော်နှင့် ကိုယ်ထည်ပိုင်းတို့အား ထုဆစ်ခြင်းနှင့် တွဲဆက် ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပိဋကတ် သုံးပုံကျောက်စာများကို ပါဠိဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ရေးထိုးပူဇော်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော် မူသောမြတ်စွာဘုရား” ဟု အဓိပ္ပာယ်ဖော်ဆောင်ပါကြောင်း၊ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ် စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့နှင့် သင့်လျော်ညီညွတ် သည့် ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ကြောင်း၊ ယခုတည်ထား ကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီး ပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ် သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတု တော်ကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်ကို စကျင် ကျောက်တော်ကြီး အပိုင်း ၅ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ယခုထုဆစ် ပြီးစီး၍တည်ထားပူဇော်သည့် ပလ္လင်တော် အပိုင်း (၁) သည် အလေးချိန် ၆၅၅ တန် ရှိကြောင်းနှင့် ရုပ်ပွားတော်မြတ်ကြီး၏ ပင်မကိုယ်ထည်ပိုင်းကို အပိုင်း ၄ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ကာ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။