ကက်ရှမီးယားပဋိပက္ခအကြောင်းအစုံအလင်

သမိုင်းထဲကပထဝီ

၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ကြတဲ့ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံတင်းမာမှုတွေဖြစ်လာခဲ့ကြတာ အခုအချိန် အထိပါပဲ။

သူတို့အနေနဲ့ တင်းမာမှုတွေဖြစ်နေရတဲ့အကြောင်းရင်းကတော့ တစ်ခုတည်းရှိပါတယ်။  အဲဒါကတော့  နယ်မြေပိုင်နက် အငြင်းပွားမှုပါ။ နယ်မြေလုအငြင်းပွားနေရတဲ့နေရာကတော့ တောင်အာရှဒေသရဲ့မြောက်ပိုင်း ဟိမဝန္တာဒေသမှာရှိတဲ့ ကက်ရှမီးယားဆိုတဲ့ နယ်မြေလေးပါပဲ။ကက်ရှမီးယားနယ်မြေဟာ  အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြားမှာ တကယ့်ကို အထင်ကရ ဖြစ်ရတဲ့နေရာဖြစ်ပါတယ်။ သူ့ကြောင့် နှစ်နိုင်ငံကြားမှာ လေးကြိမ်တိတိစစ်ခင်းရတယ်။   ထိတွေ့တိုက်ပွဲငယ်တွေဆိုတာ အကြိမ်ကြိမ်ပါပဲ။

တကယ်တော့ သူတို့နှစ်နိုင်ငံကြားက နယ်မြေပိုင်ဆိုင်မှုပြဿနာကို   လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကတည်းက အပြီးအပြတ် ဖြေရှင်းနိုင်ခဲ့သင့်ပါတယ်။အခုတော့ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ အဖျက်စွမ်းအားကြီးမားတဲ့ နျူကလီးယားလက်နက်တွေကို  ကိုယ်စီပိုင် ဆိုင်ထား ပြီးပါပြီ။

အကယ်၍များ ပိုင်နက်နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြားမှာ နောက်တစ်ကြိမ်စစ်ပွဲဖြစ်ရမယ်ဆိုရင် အဲဒီစစ်ပွဲက နျူကလီးယားစစ်ပွဲအထိဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ပတ်အတွက် တင်ပြဖို့ရွေးချယ်ထားတဲ့ အကြောင်းအရာ လေး ကတော့ ဒီလိုတင်းမာမှုတွေနဲ့အတူ တည်ရှိနေကြတဲ့  အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြားက ကက်ရှမီးယား ပဋိပက္ခဆိုတဲ့ အကြောင်း အရာလေးပဲဖြစ်ပါတယ်။

ကက်ရှမီးယားဆိုတာဘာလဲ

ကက်ရှမီးယားဆိုတာ ပါကစ္စတန်နိုင်ငံအရှေ့မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရဲ့  အနည်းငယ်မျှသောနယ်မြေတို့အပေါ် ခွလျက်တည်ရှိနေတဲ့ဒေသတစ်ခုဖြစ်ပါတယ်။

အဲဒီဒေသရဲ့ အနောက်မြောက်ဘက်မှာဆိုရင် အာဖဂန်နစ္စတန်နိုင်ငံ၊ အရှေ့မြောက်ဘက်မှာဆိုရင် တရုတ်နိုင်ငံ၊ တောင်ဘက်မှာဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဟီမာချယ်ပရာဒေ့နဲ့ပန်ဂျပ်ပြည်နယ်၊ အနောက်ဘက်မှာဆိုရင် ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ဖျားစွန်းနဲ့  ပန်ဂျပ် ပြည်နယ်ဒေသများရှိပါတယ်။

ဟိမဝန္တာဒေသမှာတည်ရှိပြီး နယ်မြေဧရိယာစုစုပေါင်း  ၂၂၂၂၃၆  စတုရန်း ကီလိုမီတာရှိတဲ့ ကက်ရှမီးယားဒေသဟာ ရေကန်တွေ၊ မြစ်နီး ချောင်းပါးမြက်ခင်းပြင်တွေ၊ အစဉ်သဖြင့် နှင်းဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြောင့် အလွန်ကိုပဲ သာယာနာ ပျော်ဖွယ်ကောင်းပါတယ်။ ပဋိပက္ခတွေသာမရှိဘူးဆိုရင်ပေါ့လေ။

ဒီကနေ့ကက်ရှမီးယားဒေသကို သက်ဆိုင်ရာနိုင်ငံတွေက သုံးပိုင်းခွဲပြီးအုပ်ချုပ်ထားကြပါတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်တဲ့ အပိုင်းကိုတော့ ဂျမူးနဲ့ကက်ရှမီးယားပြည်နယ် လို့သတ်မှတ်ထားပါတယ်။

ပါကစ္စတန်နိုင်ငံကအုပ်ချုပ်တဲ့အပိုင်းကို အာဇတ်(လွတ်မြောက်သော) ကက်ရှမီးယားလို့ခေါ်ပါတယ်။ တရုတ်နိုင်ငံကအုပ်ချုပ်တဲ့ အပိုင်းကိုတော့ အက်စိုင်းချင်းလို့သိရပါတယ်။

ဂျမူးနဲ့ကက်ရှမီးယားဒေသမှာ နေထိုင်တဲ့လူဦးရေက ၁၃ သန်းနီးပါးရှိပါတယ်။ သူနဲ့အိမ်နီးချင်းဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စု နယ်မြေတစ်ခုဖြစ်တဲ့ လာဒက်ဒေသမှာတောင်မှ လူဦးရေ ၂၈၉၀၀၀ ခန့်သာရှိပါတယ်။

အာဇတ်ကက်ရှမီးယားဒေသမှာတော့ လူဦးရေ  ၄  ဒသမ  ၁ သန်းရှိပေမယ့် အက်စိုင်းချင်းဒေသက လူနေထိုင်ခြင်းမရှိ တဲ့ဒေသ ဖြစ်ပါတယ်။ လူမျိုးစုအနေနဲ့ကြည့်မယ်ဆိုရင် ကက်ရှမီးယားဒေသကြီးတစ်ခုလုံးဟာ  သီးခြားလူမျိုးစု တစ်စုနေထိုင်ရာ ဒေသကြီး ဖြစ်သလို ကိုးကွယ်ရာဘာသာတရားအရကြည့်မယ်ဆိုရင်လည်း မူဆလင်တွေသာ အများဆုံးဖြစ်ပါတယ်။

ဒါကြောင့် ဂျမူးနဲ့ကက်ရှမီးယားဒေသဟာ အိန္ဒိယလိုဟိန္ဒူဘာသာအများဆုံး ကိုးကွယ်တဲ့နိုင်ငံအတွက်တော့ တစ်ခုတည်းသော မူဆလင်လူဦးရေအများဆုံးဒေသကြီးဖြစ်ပါတယ်။

ကက်ရှမီးယားပဋိပက္ခရဲ့နောက်ခံသမိုင်းကြောင်း

လက်ရှိဖြစ်ပွားနေတဲ့ ကက်ရှမီးယားဒေသနယ်မြေလုပဋိပက္ခရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်ဖြင့် အိန္ဒိယနဲ့ပါကစ္စတန်တို့ လွတ်လပ်ရေးရတဲ့ အချိန်ကို ပြန်သွားရပါလိမ့်မယ်။

အိန္ဒိယကိုနှစ်ပေါင်းများစွာကြာ နယ်ချဲ့ပြီးသူ့ကျွန်အဖြစ်ထားရှိခဲ့တဲ့ ဗြိတိသျှတို့က အိန္ဒိယလွတ်လပ်ရေးအက်ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်း ပါတယ်။

အဲဒီဥပဒေထဲမှာ ဟိန္ဒူဘာသာဝင်အများဆုံးရှိရာနေရာကို အိန္ဒိယနဲ့ မူဆလင်အများဆုံးရှိရာနေရာကို ပါကစ္စတန်အဖြစ် ခွဲခြမ်း လိုက်မှုပါဝင်ပါတယ်။ ဒါပေမဲ့ ကက်ရှမီးယားဒေသကိုတော့ လွတ်လပ်ခွင့်ပေးပြီး အဲဒီဒေသအနေနဲ့ သူတွဲလိုတဲ့သူနဲ့တွဲဖို့ အခွင့် အရေးပေးခဲ့ပါတယ်။ တကယ်တော့  ဒါဟာ  ဗြိတိသျှကိုလိုနီတို့ လွတ်လပ်ရေးပေးပြီဆိုရင် အများဆုံး လုပ်လေ့ရှိတဲ့ သွေးခွဲ အုပ်ချုပ်မှု ပုံစံနဲ့ လွတ်လပ်ရေးပေးခြင်းပါပဲ။ အဲဒီအချိန်တုန်းက ကက်ရှမီးယားဒေသကိုအုပ်ချုပ်နေသူက  မဟာရာဇာဟာရီဆင်းဖြစ်ပြီး သူကဟိန္ဒူဘာသာဝင်တစ်ဦးလည်းဖြစ်ပါတယ်။

သို့ပေမယ့်လည်း မဟာရာဇာဟာရီဆင်းဟာ သူ့ရဲ့ကက်ရှမီးယားဒေသကို ဟိန္ဒူအိန္ဒိယနိုင်ငံနဲ့မပေါင်းချင်သလို မူဆလင်ပါကစ္စတန်နဲ့ လည်း မပေါင်းချင်ဘဲ သီးခြားလွတ်လပ်ခွင့်သာလိုချင်ခဲ့တာပါ။

ဆက်လက်ဖော်ပြပါမည်

နွေဦး