ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်းတို့အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ မေ ၂၉

 
ကချင်ပြည်နယ်နှင့် ကယားပြည်နယ်အတွင်း၌ ကုန်တင်ရေယာဉ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့စခန်း တို့အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် မေလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စားသောက်ကုန်တန်ချိန် ၁၅၀ ခန့်တင်ဆောင်ထားသော ပိတောက်ရေယာဉ် သည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ် နောင်မိုကျေးရွာအနီး ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းအရောက် လက်နက်ကိုင်သောင်းကျန်းသူများက မြစ်ကမ်းယာဘက်အခြမ်းမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ရေယာဉ်ပေါ်တွင် လိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် ပစ်ခတ် မှုပြီးဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေယာဉ် ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

 
ထို့အတူ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မရဲစခန်းအား လက်နက် ကိုင် သောင်းကျန်းသူအဖွဲ့များက ရဲစခန်း၏ ပတ်လည်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။