ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဆီဘောက်ဆာယာဉ် ၂ စီးအား KIA အဖွဲ့က မိုင်းထောင်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၂၈

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဆီဘောက်ဆာယာဉ် ၂ စီးအား KIA အဖွဲ့က မိုင်းထောင် ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့် တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေ ယာဉ်မောင်း ဖြိုးအောင်သူ(၃၉)နှစ် (ဘ)ဦးဝင်းမောင်သည် ဒီဇယ်ဂါလံ ၈၀၀၀ ခန့်ပါ 3R/6851 ၂၂ ဘီးယာဉ်အား ဗန်းမော်-မန္တလေးကားလမ်း အတိုင်း မန္တလေးမြို့ ဘက်မှ ဗန်းမော်မြို့ဘက်သို့ မောင်းနှင်လာစဉ် ရွှေကူမြို့နယ်ရှိ နယ်မြေရဲစခန်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ ဒေသအခေါ် ကချင်သေလမ်းခွဲအရောက်၌ ကားလမ်းမ၏ဝဲဘက်ခြမ်းမှ KIA အဖွဲ့ ထောင်ထားသည့် မိုင်း ၃ လုံး တစ်ပြိုင်တည်းပေါက်ကွဲခဲ့ရာ ယာဉ်၏နောက်ဘီး ၆ ဘီးပေါက်၊ ယာဘက်အိပ်ခန်းမှန်ကွဲ၊ ယာဘက်နောက်ကြည့်မှန်ကွဲကာ ယာဘက်ခြမ်း ယာဉ်ဘော်ဒီပိုင်း ပေါက်ထွက်ပျက်စီးခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ၌ ရပ်တန့်ထားရှိခဲ့ပါသည်။

ညနေ ၃ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာနေ ထွန်းသိန်းဝင်း (၃၅)နှစ် (ဘ)ဦးလေးရှင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းမင်းတိုး (ဘ)ဦးသန်းဌေး လိုက်ပါလာသည့် ဆီဂါလံ ၈၀၀၀ ဆံ့ 2B/4673 ၂၂ ဘီးယာဉ်သည် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကချင်သေလမ်းခွဲသို့ ရောက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် 3R/6851 ယာဉ်၏ ကားဘီးများအား လဲလှယ်တပ်ဆင်ပေးနေစဉ် KIA အဖွဲ့မှ အင်အား ၁၂ ဦးခန့်သည် ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ယာဉ် ၂ စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မောင်းထုတ်၍ အဆိုပါ ဆီဘောက်ဆာယာဉ် ၂ စီးအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

အထက်ပါ ဆီဘောက်ဆာယာဉ် ၂ စီးအား မိုင်းထောင်ဖောက်ခွဲကာ မီးရှို့ဖျက်ဆီးခဲ့သည့် နေရာသို့ တပ်မတော်စစ်ကြောင်းများက လိုက်လံ၍ နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။