ကပ်ဘေးကာလခရီးသွားလုပ်ငန်းအတွက် စံပြုပုံစံဖြစ်လာနိုင်တဲ့ဖူးခက်

ကပ်ဘေးကာလခရီးသွားလုပ်ငန်းအတွက် စံပြုပုံစံဖြစ်လာနိုင်တဲ့ဖူးခက်

ဖူးခက်ဆိုတာကမ္ဘာတစ်လွှားမှာ အပန်းဖြေခရီး ထွက်သူတွေအတွက်တော့ သိပ်ကို နာမည်ကျော် ကြားတဲ့၊ လူကြိုက်များတဲ့ကမ်းခြေကို ပိုင်ဆိုင်ထားတဲ့နေရာဖြစ်ပါတယ်။

ဖူးခက်ကိုလာတဲ့သူတိုင်းအတွက် သူပေးနိုင်တဲ့အရာက ပြီးပြည့်စုံတဲ့နေဝင်ချိန်၊ အဖြူရောင် သဲမွမွလေးတွေရှိတဲ့ ကမ်းခြေနဲ့ ဘန်ကောက်လောက်မကြီးကျယ်ပေမယ့် ပျော်စရာတွေဖန်တီးပေးနိုင်တဲ့ ညဘက်ပျော်ရွှင်မှုတွေပါပဲ။

အခုတော့ နောက်ထပ်ပေးလိုက်နိုင်တဲ့ ဝန်ဆောင်မှုတစ်မျိုးကတော့ ကွာရန်တင်း ဝင်စရာမလိုတဲ့ အားလပ်ရပ်ကို ဖန်တီးပေးခြင်းဖြစ်ပါတယ်။ သူရဲ့ဝန်ဆောင်မှုကို  ရယူမယ်ဆိုရင် ခရီးသွားတွေအနေနဲ့ လုပ်စရာတစ်ခုပဲရှိပါ တယ်။ အဲဒါကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပြည့်အဝထိုးပြီးထား ဖို့ပါပဲ။

ထိုင်းနိုင်ငံဟာ သူ့ရဲ့နိုင်ငံ့ဝင်ငွေ ၁၂ ရာခိုင်နှုန်းအတွက် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို ကိုဗစ် ကပ်ဘေးကာလရောက်တော့ ခရီးသွား လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်သွားတဲ့အတွက်   အဲဒီလုပ်ငန်းကိုတခြားနည်းနဲ့ ပြန်ဖွင့်ဖို့ ထိုင်းအစိုးရက ကြိုးစားလာတာပါ။

သူတို့ရဲ့ကြိုးစားမှုထဲမှာ ဖူးခက်ကမ်းခြေကိုသတ်မှတ်ချက်တချို့နဲ့ ပြန်ဖွင့်လိုက်ခြင်းက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီတော့ ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်လိုတဲ့ တခြား နိုင်ငံတွေ အတွက် ဖူးခက်ကမ်းခြေက စံပြုပုံစံဖြစ်မလားဆိုတာ   ကြည့်လိုက်ကြရအောင်။

ထိုင်းအစိုးရက   ဖူးခက်ကမ်းခြေကို ဇူလိုင် ၁ ရက်မှာစတင်ဖွင့်လှစ်လိုက်ပါတယ်။ ဧည့်သည်တိုင်းကိုတော့ လက်မခံပါဘူး။ သတ်မှတ်နိုင်ငံတချို့မှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်ထိုးပြီးသား ဧည့်သည်တွေကိုသာ လက်ခံတာပါ။

ဖူးခက်ကိုရောက်လာတဲ့ ဧည့်သည်တွေအနေနဲ့ လေယာဉ်ပေါ်ကဆင်းပြီဆိုတာနဲ့ ကမ်းခြေကို တစ်ခါတည်းတန်းသွားပြီး လွတ်လပ်ပျော်ရွှင်မှုကို ခံစားရရှိမှာပါ။ ဒါပေမဲ့လည်း ဖူးခက်ကမ်းခြေမှာ ၁၄ ရက်တာနေရမှာပါလိမ့်မယ်။ အဲဒီလိုနေပြီး လို့ ၁၄ ရက်ပြည့်ပြီဆိုရင်တော့ ထိုင်းနိုင်ငံ တစ်ဝန်းကြိုက်တဲ့နေရာကို သွားရောက် လည်ပတ်လို့ ရပါပြီ။

တစ်နည်းဆိုရရင် ထိုင်းအစိုးရက သူ့နိုင်ငံထဲလာရောက်လည်ပတ်မယ့်သူတွေ ကို   ဖူးခက်ကမ်းခြေမှာ ၁၄ ရက်တာ ကွာရန်တင်းဝင်ခိုင်း လိုက်တဲ့သဘောပါပဲ။ ဒီလိုကွာရန်တင်း ဝင်ခိုင်းရာမှာလည်း ကာကွယ်ဆေးထိုးပြီးသားသူတွေကိုသာ လက်ခံတာ ဖြစ်တဲ့အတွက် ကပ်ဘေးကာလ ကြီးမှာ   ဘေးထွက်ဆိုးကျိုးအင်မတန် နည်းပါးတယ်။ အခုလို ဖူးခက်ကမ်းခြေပြန်လည်ဖွင့်လှစ် တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကလည်း ထုံးစံအတိုင်းထွက်လာပါတယ်။ ဖြစ်ချင်တော့ ကမ်းခြေဖွင့်ပွဲတက်တဲ့ထိုင်းဝန်ကြီး ချုပ်ဟာ ကိုဗစ်-၁၉ ရောဂါရှိသူနဲ့ထိတွေ့ မိလို့ သီးသန့်ခွဲနေလိုက်ရခြင်းပါပဲ။

ဒါကြောင့် ဖူးခက်ကမ်းခြေပြန်ဖွင့်တာ နဲ့ပတ်သက်ပြီး    ဒေသအတွင်းနဲ့နိုင်ငံ တစ်ဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တွေပိုဆိုးလာမှာကို စိုးရိမ်နေကြသူတွေ လည်းရှိပါတယ်။ လက်ရှိမှာလည်း ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် နေ့စဉ်ရောဂါ ဖြစ်ပွားသူတွေနဲ့ သေဆုံးသူတွေဟာ တစ်နေ့ ထက်တစ်နေ့မြင့်တက်လာနေဆဲဖြစ်ပါ တယ်။

ပြီးတော့ ဖူးခက်ကမ်းခြေကို လာရောက် လည်ပတ်တဲ့သူတွေထဲမှာ ရောဂါဖြစ်ပွား နေတဲ့သူ ခြောက်ဦးကိုတွေ့ရှိထားပါတယ်။ သူတို့အားလုံးကလည်း ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူတွေပါ။ ဒီတော့ ဝေဖန်သူတွေအနေနဲ့ စိုးရိမ် မယ်ဆိုလည်းစိုးရိမ်စရာပါပဲ။   တကယ်လို့များ ကာကွယ်ဆေးအပြည့်ထိုးပြီးတဲ့ ထိုင်းပြည်တွင်းခရီးသွားတွေကိုသာ လက်ခံ လိုက်မယ်ဆိုရင် ဖူးခက်ကမ်းခြေမှာတွေ့ရတဲ့ ရောဂါပိုးဖြစ်ပွားနေသူ အရေအတွက်ဟာ အခုထက်ပိုပြီးများလာနိုင်ပါတယ်။

အခုတော့ဝန်ကြီးချုပ်မှာ ရောဂါကူးစက် ခံရတာမရှိဘူးလို့ ဆေးစစ်အဖြေထွက်လာ တာဟာ စိုးရိမ်နေသူတွေ အတွက်တော့ အနည်းငယ်စိတ်သက်သာရာရစရာပါ။ ဒီလိုအသံတွေ ထွက်လာမယ်ဆိုတာကို ကြိုသိတဲ့ ထိုင်းအစိုးရက ဖူးခက်မှာနေထိုင် သူစုစုပေါင်းအနက် ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးမှသာ ကမ်းခြေကို ပြန်ဖွင့်မယ်။ ဇူလိုင် ၁ ရက်အရောက်မှာ သတ်မှတ်ထားတဲ့ ၇၀ ရာခိုင်နှုန်းပြည့်မီရ မယ်လို့ သတ်မှတ်ခဲ့ပါတယ်။ တကယ်တမ်း ကမ်းခြေကိုပြန်ဖွင့်ချိန် မှာလည်း ဖူးခက်မှာနေထိုင်သူ ၇၀ ရာခိုင် နှုန်းနီးပါးကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ တာကိုတွေ့ရပါတယ်။

ဒီအတွက်ကြောင့် ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်လိုတယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အရာက ကာကွယ်ဆေးထိုးပေးခြင်းပါပဲ။ ကာကွယ်ဆေးက လက်ရှိဖြစ်ပေါ်နေတဲ့ ဗီဇပြောင်း ရောဂါပိုးတွေအတွက် ရာနှုန်း ပြည့်စိတ်ချရမှုမရှိဘူးဆိုသည့်တိုင် အိမ်ရှင်ကော ဧည့်သည်ကော ကာကွယ်ဆေးထိုး ထားမယ်ဆိုရင် ပျော်စရာကောင်းတဲ့ဆက်ဆံ ရေး တစ်ခုကို အရင်လို ပြန်လည်ဖန်တီးနိုင်မှာပါ။

နောက်တစ်ခုလိုအပ်တာကတော့ အခြေခံ အဆောက်အဦပါ။ ဖူးခက်မှာက သူ့ရဲ့ ကျော်ကြားမှုနဲ့လိုက်ဖက်ညီအောင်ပဲ လေဆိပ် တစ်ခုရှိပါတယ်။ ဒီအတွက်ကြောင့် ခရီးသွားဧည့်သည်တွေက လေဆိပ်ကဆင်း၊ ကာကွယ်ဆေး ထိုးထားတဲ့မှတ်တမ်းပြ၊ ရောဂါစစ်ဆေးမှု ခံယူပြီးရင် ကမ်းခြေကိုတန်းပြီးဆင်းသွားရုံပါပဲ။

ဒါကြောင့် ကာကွယ်ဆေးသာ နိုင်နိုင် နင်းနင်းထိုးနိုင်မယ်၊ စစ်ဆေးမှုတွေကိုလည်း အကောင်းဆုံးလုပ်နိုင်မယ်ဆိုရင် တခြား နိုင်ငံတွေလည်း ကပ်ဘေးကာလမှာခရီးသွား လုပ်ငန်းတွေကို   ပြန်မဖွင့်နိုင်စရာ အကြောင်းမရှိပါဘူး။ ဖူးခက်ကမ်းခြေကတော့ ဒီနှစ်အကုန်မှာ ခရီးသွားဧည့်သည်အယောက် တစ်သိန်းဝင် နိုင်စေဖို့မျှော်လင့်ထားပါတယ်။ ဒီပမာဏ ဟာ ယခင်သူ့ရဲ့ကျော်ကြားမှု၊   သူ့ဆီလာ ရောက်လည်ပတ်မှုနဲ့နှိုင်းယှဉ်ရင် အစွန်း ထွက်လောက်သာရှိပါတယ်။

ဒါပေမဲ့လည်း ဒီအချိန်မှာ ဘယ်သူမှ မလုပ်နိုင်သေးတဲ့အလုပ်တစ်ခုကို စံပြု အနေအထားရောက်အောင်လုပ်ဆောင်ရင်း အားနည်းနေတဲ့ခရီးသွားလုပ်ငန်းအတွက် တော့ နည်းလွန်းတယ်လို့မဆိုသာကြောင်းပါခင်ဗျာ။  ။