ကမ္ဘာကြီးကိုကာကွယ်ဆေးထိုးဖို့ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုများ

ယမန်နေ့မှအဆက်

mRNA နည်းပညာအသုံးပြုကာကွယ်ဆေးနှစ်မျိုးထဲမှာမှ ဖိုင်ဇာကုမ္ပဏီထုတ်ကာကွယ်ဆေးက ရောဂါ လက္ခဏာပြတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ၉၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။ မိုဒါနာကုမ္ပဏီ ထုတ်ကာကွယ်ဆေးကတော့ ၉၄ ဒသမ  ၁  ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီနေရာမှာ သဘောထားကွဲလွဲမှု အနည်းငယ်ရှိနေပါတယ်။ ဖိုင်ဇာကုမ္ပဏီအနေနဲ့ သူတို့ရဲ့ လက်တွေ့စမ်းသပ်မှုမှာ   အလွန်များပြားလှတဲ့    ကိုဗစ်-၁၉ သံသယလူနာ အရေအတွက်ကိုပါထည့်တွက် မယ်ဆိုရင် အဲဒီဆေးရဲ့ အာနိသင်ထိရောက်မှုက ၁၉ ရာခိုင်နှုန်းအောက်မှာသာရှိမယ်လို့ မယ်ရီလန်း ဆေးဝါး တက္ကသိုလ်မှလက်ထောက်ပါမောက္ခ   ပီတာဒိုရှီက ပြောပါတယ်။

ကျွမ်းကျင်ပညာရှင်အများစုကတော့ ဖိုင်ဇာကုမ္ပဏီအနေနဲ့ ဒီထက်ပိုပြီးတိကျတဲ့ အချက်အလက်တွေ ပေးဖို့တောင်းဆို တာကလွဲလို့ ပါမောက္ခပီတာဒိုရှီရဲ့အဆိုကိုလက်မခံခဲ့ပါဘူး။ တရုတ်နိုင်ငံမှာရှိတဲ့ ဆီနိုဖမ်း ကုမ္ပဏီက သူတို့ကုမ္ပဏီထုတ် ဗိုင်းရပ်အသေအသုံးပြုသမားရိုးကျကာကွယ်ဆေးဟာ လူတွေကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ ၇၉ ဒသမ ၃၄ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၃၀ ရက်မှာထုတ်ပြန်ထားပါတယ်။

ဒီထက်ပိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ထားပါဘူး။ နောက်တစ်နေ့မှာတော့ အဲဒီကာ ကွယ် ဆေးဟာ တရုတ်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ရရှိခဲ့ပါတယ်။ဆီနိုဗက်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ အဲဒီဆေးနှစ်မျိုးစလုံးကလည်း ဗိုင်းရပ်အသေ အသုံးပြုသမားရိုးကျ ကာကွယ်ဆေးပါပဲ။

အဲဒီကာကွယ်ဆေးနှစ်မျိုးကိုတော့ တူရကီ၊ အင်ဒိုနီးရှားနဲ့ ဘရာဇီးနိုင်ငံတို့မှာ လက်တွေ့စမ်းသပ်မှုတွေ လုပ်ထားတာဖြစ်ပြီး  ရလာတဲ့အာနိသင်ထိရောက်မှုရာခိုင်နှုန်းကတော့ ၅၀ ဒသမ ၄ နဲ့ ၉၁ ဒသမ ၃ ရာခိုင်နှုန်းစီ အသီးသီးရှိပါတယ်။ လက်ရှိမှာတော့ အဲဒီဆေးတွေကို တရုတ်နိုင်ငံအတွင်းမှာအသုံးပြုခွင့်ပေးဖို့ လေ့လာနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ် အသေထည့်သွင်းအသုံးပြုတဲ့ ကာကွယ်ဆေးတွေက အာနိသင်ထိရောက်မှု ၅၀ ရာခိုင်နှုန်း ဝန်းကျင်ရှိ တယ်ဆိုတာ ပုံမှန်အနေအထားပါပဲ။ တစ်ခါတလေမှာဆိုရင် ရာသီတုပ်ကွေးရောဂါ  ကာကွယ်ဆေးတွေရဲ့  အာနိသင်ထိရောက်မှုရာခိုင်နှုန်းက ၆၀ ကနေ  ၄၀ အထိကျဆင်းသွားတတ်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်မှာ ကမ္ဘာ့ ပြည်သူအများအပြားက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရဲ့ အာနိသင်ထိရောက်မှုကို ရာနှုန်းပြည့်နီးပါးရှိစေဖို့ မျှော်လင့်နေကြတယ်လို့  ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောပါတယ်။ ဗိုင်းရပ်အသေအသုံးပြု ကာကွယ်ဆေးတွေရဲ့ အာနိသင်ထိရောက်မှုကနည်းပေမယ့်လည်း နိုင်ငံအများအပြားက အသုံးပြုလို မှုများပါတယ်။ အကြောင်းရင်းကတော့ ဒီနည်းပညာ ဟာအသစ်အဆန်း မဟုတ်ဘဲ အသားကျနေ ပြီဖြစ်တဲ့အပြင် ထုတ်လုပ်မှုအတွက်လည်း သီးသန့်နေရာ မယူတော့တာ ကြောင့်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ သယ်ယူပို့ဆောင်ရေးနဲ့ သိမ်းဆည်းသိုလှောင်ရေးအတွက် ကရိကထမများတဲ့ အတွက်ကြောင့်လည်း အသုံးပြုလိုသူများတာဖြစ်ပါတယ်။ အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ် ဆေးက အာနိသင်ထိရောက်မှု ၇၀ ရာခိုင်နှုန်း၊ ရုရှားနိုင်ငံရဲ့ Sputnik V ကာကွယ်ဆေးက အာနိသင် ထိရောက်မှု ၉၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီထုတ်ကာကွယ်ဆေးက အာနိသင်ထိ ရောက်မှု ၆၆ ရာခိုင်နှုန်းရှိပါတယ်။

အခုမှ ဖော်စပ်ထုတ်လုပ်ဆဲဖြစ်ပြီး အသုံးပြုခွင့်မကျသေးတဲ့ နိုဗာဗက်ကုမ္ပဏီထုတ်ကာကွယ်ဆေးကတော့ ပရိုတိန်းကို အခြေခံတဲ့ကာကွယ်ဆေးဖြစ်ပြီး ၈၉ ဒသမ ၃ ရာခိုင်နှုန်းအထိ အာနိသင်ထိရောက်မှုရှိတယ်လို့ ဇန်နဝါရီလမှာ ထုတ်ပြန်ထားပါတယ်။

ဗီဇပြောင်းဗိုင်းရပ်အသစ်များက ကာကွယ်ဆေးများအပေါ်သက်ရောက်မှု

ဗိုင်းရပ်ဟူသည့်သဘောက ဗီဇပြောင်းတတ်ပါတယ်။   ဒါကတော့   စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ စိုးရိမ်ရ တာက ပြောင်းသွားတဲ့ဗီဇသည် မူလဗိုင်းရပ်ကိုမူတည်ပြီး ဖော်စပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေ အပေါ်သက်ရောက်မှု ရှိ၊ မရှိပါပဲ။

ဂျွန်ဆင်အန်ဂျွန်ဆင်နဲ့ နိုဗာဗက်ကုမ္ပဏီတို့ကတော့ သူတို့ဖော်စပ်ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးတွေသည် တောင်အာဖရိကမှာတွေ့ရတဲ့ဗီဇပြောင်းဗိုင်းရပ်အပေါ် အာနိသင်ထိရောက်မှုအလွန်နည်းပါးတယ် လို့ထုတ်ပြန် ထားပါတယ်။

မိုဒါနာနဲ့ဖိုင်ဇာ ကုမ္ပဏီတို့ကတော့ သူတို့ရဲ့ကာကွယ်ဆေးတွေက တောင်အာဖရိကနဲ့ဗြိတိန်နိုင်ငံတို့မှာ တွေ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်တွေကို ထိရောက်စွာကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့လည်း မိုဒါနာ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာတော့ သူတို့ရဲ့ကာကွယ်ဆေးက တောင်အာဖရိကဗီဇပြောင်းဗိုင်းရပ်နဲ့ တွေ့ တဲ့အခါမှာ ပဋိပစ္စည်းထုတ်လုပ်မှုပမာဏကို ခြောက်ဆအထိ ကျဆင်းသွားစေတယ်လို့ ဖော်ပြထားပါတယ်။

ပဋိပစ္စည်းဆိုတာကတော့ သူကဗိုင်းရပ်မှာသွားရောက်ကပ်ငြိပြီး ဗိုင်းရပ်အနေနဲ့ လူသားကလာပ်စည်းမှာ တွယ်ကပ်နိုင်ခြင်း မရှိအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောဆိုချက်အရ တော့ mRNA နည်းပညာနဲ့ ဗိုင်းရပ်အသေအသုံးပြု ကာကွယ်ဆေးတွေသည် သာ ပြောင်းလဲလာတဲ့ဗိုင်းရပ်ကို အမြန်ဆုံး ထိန်းချုပ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖိုင်ဇာအနေနဲ့ ဒီလိုပြောင်းလဲလာတဲ့ဗိုင်းရပ်ကူးစက်မှုကနေကာကွယ်နိုင်စေဖို့ သူ့ကုမ္ပဏီထုတ်ကာကွယ်ဆေး တွေကို သီတင်းပတ်ခြောက်ပတ်အတွင်း  ပုံစံပြောင်းလဲထုတ်လုပ်နိုင်တယ်လို့ ကုမ္ပဏီအမှုဆောင် အရာရှိချုပ် အူဂါဆာဟင်းက ဒီဇင်ဘာလ မှာပြောထားပါတယ်။

တရုတ်နိုင်ငံ ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းကိုဦးဆောင်နေတဲ့ ရောဂါပိုးမွှားဗေဒပညာရှင် ရှောင်ယီမင်းကတော့ သူတို့ရဲ့ ဗိုင်းရပ်အသေအသုံးပြု ကာကွယ်ဆေးတွေအနေနဲ့ ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်ဖို့ နှစ်လအတွင်း အဆင့်မြှင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖူဒန်တက္ကသိုလ်မှ ရောဂါပိုးမွှား ဗေဒ ပါမောက္ခကျန်းရှီဘိုက ဗီဇပြောင်းဗိုင်းရပ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးထုတ်လုပ်မှုက ကြမ်းတမ်းတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ပြောထားပါသေးတယ်။

ဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်စေမယ့် အချိန်

ကာကွယ်ဆေးထိုးခြင်းရဲ့ ရည်မှန်းချက်က လူထုတစ်ရပ်လုံး ကိုယ်ခံအားရရှိရေး အတွက်ကို ဦးတည်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဗိုင်းရပ်ကူးစက်မှုကိုကာကွယ်နိုင်တဲ့ ကိုယ်ခံအားရသွားပြီဆိုရင် ဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုဟာလည်း ရပ်တန့်သွားပါ လိမ့်မယ်။

လူထုတစ်ရပ်လုံးကိုယ်ခံအားရရှိရေးဟာ ဘယ်လိုအခြေအနေမျိုးကိုပြောလဲဆိုရင် လူဦးရေစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးခြင်းကြောင့်သော်လည်းကောင်း၊ ရောဂါကူးစက်ခံရဖူးခြင်းကြောင့် သော် လည်းကောင်း ကိုယ်ခံအားထွက်ပေါ်နေပြီး ရောဂါကူးစက်မှုကိုကာကွယ်နိုင်ပြီဆိုတဲ့ အခြေအနေမျိုးကို ပြောတာဖြစ်ပါတယ်။

ဆိုလိုတာက ကမ္ဘာပေါ်မှာလူဦးရေ ၇ ဒသမ ၅ ဘီလီယံရှိတဲ့အတွက် ၅ ဘီလီယံလောက်က ရောဂါကူး စက်မှုကို ကာကွယ်နိုင်ပြီဆိုရင် ဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်နိုင်စေပါပြီ။ ဒါပေမဲ့လည်း နိုင်ငံတချို့မှာလက်ရှိ လုပ်ဆောင်နေတဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းရဲ့အရှိန်က အလွန်ကိုပဲ နှေးကွေးနေပါသေးတယ်။ အကြောင်း ရင်းကတော့ ကာကွယ်ဆေးထုတ်လုပ်၊ ဖြန့်ဖြူး၊ ပို့ဆောင်ရေး အခက်အခဲများကြောင့်ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုယ့်နိုင်ငံအတွင်းမှာပဲ ကာကွယ်ဆေးထုတ်ပြီး ပြည်သူတွေကို ထိုးပေးနေတဲ့ တရုတ်နိုင်ငံ ဆိုရင် ဇန်နဝါရီ လကုန်အထိ ကာကွယ်ဆေးအလုံးပေါင်း ၂၄ သန်းကိုသာ ထိုးပေးရပါသေးတယ်။ ဒီနှုန်းနဲ့သာ သွားမယ်ဆိုရင် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိတဲ့ တရုတ်တစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးပေးဖို့ဆိုတာ နှစ်အနည်းငယ်ကြာ အချိန်ယူရလိမ့်မယ် လို့ ရောဂါပိုးမွှားဗေဒပညာရှင် ကျန်းကျင်းဝူက ပြောပါတယ်။

အတူယှဉ်တွဲနေထိုင်သွားရမယ့် ကိုဗစ်-၁၉ ရောဂါ

၁၉၈၀ ပြည့်နှစ်အလွန်ကာလများတုန်းက အလွန်ကိုကူးစက်မြန်ပြင်းထန်ပြီး သေဆုံးမှုနှုန်းများတဲ့ ကျောက် ရောဂါဖြစ်ဖူးပါတယ်။ အဲဒီကျောက်ရောဂါကို အမြစ်ပြတ်တိုက်ဖျက်လိုက်နိုင်တာကတော့ တစ်ကမ္ဘာလုံး ကာကွယ်ဆေးထိုးခြင်းကြောင့်ပါပဲ။

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကျတော့အဲဒီ လိုမဟုတ်ပါဘူး။ ကျောက်ရောဂါအတွက် ထိုးတဲ့ကာကွယ်ဆေးက ဘဝတစ်သက်တာလုံးတည်ရှိစေမယ့် ကိုယ်ခံအားကိုဖြစ်ပေါ်စေပြီး လက်ရှိကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတွေကတော့ နှစ်အနည်းငယ်အထိ သာ ကိုယ်ခံအားကိုဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ရောဂါလက္ခဏာ မပြတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတွေရှိနေတာကြောင့်လည်း  အဲဒီရောဂါဟာ တိတ်တဆိတ် ကူးစက်ပျံ့နှံ့နိုင်ပါသေးတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါသည် သာမန် အအေးမိတုပ်ကွေးရောဂါလိုမျိုးပဲ လူတွေနဲ့အတူယှဉ်တွဲနေထိုင်သွားမယ့် ရောဂါဖြစ်လာနိုင်တယ်လို့ ကျွမ်း ကျင် ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဒါဆိုရင် ဘာကြောင့်ကာကွယ်ဆေး ကိုထိုးနေရမှာလဲဆိုတော့ ရောဂါကူးစက် ပျံ့နှံ့နှုန်းနဲ့ ရောဂါကူးစက်ခံ ရပြီဆိုရင်လည်း အသေအပျောက်နှုန်းကို အဓိကလျှော့ချ ပေးနိုင်ဖို့ဖြစ်ပြီး ပြည်သူလူထုအနေနဲ့ သာမန်ဘဝ မှာပြန်လည်နေထိုင်နိုင်စေမယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောထားကြောင်း ရေးသားတင်ပြလိုက် ရပါတယ်။

Source: Caixin Global

ထက်မြတ်