ကမ္ဘာကြီးပူနွေးလာမှုကြောင့် လာမည့်ငါးနှစ်အတွင်း ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နိုင်

နယူးယောက်၊ ရာသီဥတု

ကမ္ဘာကြီးပူနွေးလာမှုကြောင့် လာမည့် ငါးနှစ်အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်သည် စက်မှုခေတ်မတိုင်မီကာလကထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့က ထုတ်ပြန်သည်။

မြင့်တက်လာသောအပူချိန်ပမာဏသည် ယာယီအားဖြင့်သာ ဖြစ်နိုင်ခြေရှိကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့နှင့် ဗြိတိန်မိုးလေဝသ ဌာနတို့ထုတ်ပြန်သော နှစ်စဉ်ရာသီဥတု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် ကမ္ဘာ့ခေါင်းဆောင်အများစု အနေဖြင့် ယခုရာစုနှစ်အကုန်တွင် ကမ္ဘာ့အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် ၂ ဒီဂရီစင်တီဂရိတ်အောက်တွင်သာ ရှိစေရန် လုပ်ဆောင် မည်ဟု ကတိပြုထားသည့်အတွက်ယခုထုတ်ပြန်ချက်က အရေးပါသည်။ ၎င်းတို့အနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပဲရစ်သဘောတူစာချုပ်၏ အနိမ့်ဆုံးသောရည်မှန်းချက်ကို နီးစပ်လာကြောင်း၊ ထို့ပြင်ကမ္ဘာကြီးအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရန်နှင့် ကာဗွန်ကင်းမဲ့ရေးရရှိရန် ကတိကဝတ်များကို လျင်မြန်စွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ကမ္ဘာ့မိုး လေဝသအဖွဲ့  အတွင်းရေးမှူးချုပ် ပတ်တာရီတာလပ်ကပြောသည်။ ပြီးခဲ့သည့်နှစ်သည် စံချိန်တင်အပူနွေးဆုံးဖြစ်သော ၂၀၁၆ ခုနှစ်နှင့် တူညီနေပြီး အပူချိန်များသည်    စက်မှုခေတ်မတိုင်မီ ကာလထက် ၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိသည်။

အပူချိန်များတိုးမြင့်လာမှုသည် စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ် ကြီးစွာသော ရိုက်ခတ်မှုရှိကြောင်း သိရသည်။

Ref: TS