ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

 
နေပြည်တော်၊ ဇူလိုင် - ၂၉

 
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရာ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အေးချမ်းသာယာပြီး တည်တံ့ခိုင်မြဲရေး အတွက်လည်းကောင်း၊ ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ဖူးမြော် ကြည်ညိုနိုင် ကြပြီး ခရီးသွားများပြားလာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မားစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီး ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇ မုနိရုပ်ပွားတော်မြတ်ကြီးကိုလည်း ၂၀၁၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့မှု။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်း လုပ်ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု၊ ရုပ်ပွားတော်ကြီးထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော် အပိုင်း ကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်း ကြောင်းများဖြင့် အခက်အခဲများကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေးချိန် အများဆုံး ရေလမ်းခရီးသယ်ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့သည့် အခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်အဆင့်တည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ကြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့မှု၊ ဩဝါဒါ စရိယ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီ စက်ကိရိယာများ အသုံးပြုပြီးပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ တည်ထားဆောင်ရွက်လျက်ရှိမှု၊ မုစလိန္ဒနဂါးရုံဘုရား တည်ထားရာတွင် လည်း ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌ ကထာစသည့် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန် တော်များနှင့်အညီ ပြည့်စုံစွာ တည်ထားကိုးကွယ်ခဲ့မှု၊ ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ခြင်းနှင့် Tablet များဖြင့်ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိမှု။

မာရဝိဇယဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်ပြီး မန္တလေး နန်းတော် မင်္ဂလာတံတားပုံစံ တံတားတစ်စင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ တူရှုအရပ်တွင် ဝိဇယဘူမိနိမ္မာန အောင် မြေတည်ထားမှု၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရာတွင် ရေရှည်တည် တံ့ ခိုင်မြဲမှုရှိစေရေးစနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊ ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့် တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းများတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့် တိုး တက်လာမှုမှတ်တမ်းများ၊ ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်အတွက် သုဓမ္မာ ဇရပ်များတည်ဆောက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများ အလိုက် CNC စက်ဖြင့်အဆင့်ဆင့်ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ကျည်းပင် များစိုက်ပျိုးထားရှိမှု၊ မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်းအဆင့်ဆင့် တိုးတက်လာ မှု၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအား အဆင့်ဆင့်တွဲ ဆက်ခဲ့မှုများ ဆောင်ရွက်ခဲ့မှု၊ ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညို နိုင်ရေးစကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီ များတည်ထားမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု၊ ဆင်းတုတော်ကြီး၏ အပိုင်း(၁၊၂၊၃) တို့အားတွဲဆက်၍ ပင့်ထောင်ခြင်းလုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီ စက်ကရိယာများအသုံးပြုပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များပူးပေါင်း၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊ ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား များ ဆောင်ရွက်ခဲ့မှုနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခဲ့မှု၊ ဆင်းတုတော်အပိုင်းကြီးများကို အဆင့်ဆင့်ပင့်ဆောင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနား သိုက်မြိုက်စွာဖြင့် ကျင်းပပြု လုပ်နိုင်သော သံဃာတော်အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိသာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားမှု အခြေအနေများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆေးသင်္ကြန်းကပ်လှူပူဇော် ခဲ့မှုနှင့် ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော်ခဲ့မှု၊ လက်မှုအချောထည်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရးအတွက် လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ် ခံနိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိစေရေး စနစ်တကျတွက်ချက် တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့်တိုးတက်လာမှု၊ ရင်ပြင်တော်ကြီးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဂန္ဓကုဋိတိုက်များ တည် ဆောက်ထားရှိမှု၊ သက်ကြီးရွယ်အိုများ ဘုရားရင်ပြင် တော်ပေါ်သို့တက်ရောက်ရာတွင် အဆင်ပြေမှုရှိစေရေး စက်လှေကားထည့်သွင်း တည်ဆောက်ထားရှိမှု၊ မဟာဗောဓိ ပင်စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင်နှင့် အင်ကြင်းတော စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများ အဆင့်ဆင့်တိုးတက်လာမှု၊ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေမှုနှင့် ဘုရားကြီးတည်ဆောက်ပြီး စီးပါကတွေ့ရှိရမည့် အခြေအနေများကိုရှင်းလင်းပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော် များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့်စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမည့် အခြေအနေများကို ပြော ကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ဥယျာဉ်တည်ဆောက်ခြင်း အတွက် ယနေ့တက်ရောက်လာကြသူများ၏ လှူဒါန်းမှု အနေဖြင့် ပြည်တွင်း၊ ပြည်ပအလှူရှင် ၂၇၄ ဦးမှ လှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ (ငွေကျပ် သန်း ၅၀၀၀ ကျော်)၊ အမေရိကန်ဒေါ်လာ ၂၃၀၀၀ နှင့် ထိုင်းဘတ်ငွေတစ် သိန်း တို့ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူး တင်စကား ပြန်လည်ပြောကြားရာတွင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် စကျင် ကျောက်တုံး တော်ကြီးကို စတင်လှူဒါန်းသည်မှ အနေကဇာတင်လှူခြင်းမပြုမီအထိ လှူဒါန်းကုသိုလ်ပြုမှုများသည် ကုသိုလ်ကို အစပြုထူထောင်ကြသူ (Founder) များပင် ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းသည့် ကုသိုလ်မှာအများကုသိုလ်ပင် ဖြစ်ပါကြောင်း၊ မင်းတုန်းမင်းကြီး တည်ထားခဲ့သည့် ကုသိုလ်တော်ဘုရားကြီးရှိ ကျောက်စာများမှာ နှစ်ပေါင်း ၁၆၀ ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ ပျက်စီးယိုယွင်းမှုများ မရှိကြောင်း၊ အလားတူ ပုဂံရှိရှေးဟောင်းဘုရားများသည်လည်း ယနေ့ထက်တိုင် တည်တံ့နေဆဲဖြစ်သည်ကိုတွေ့မြင်ရမည်ဖြစ်ကြောင်း၊ မာရဝိဇယကျောက် ဆစ်ရုပ်ပွား တော်မြတ်ကြီးမှာ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲနေမည်ဖြစ်ပြီး မိမိတို့၏ နောက်လာနောက်သားများအဆက်ဆက်အထိ တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယခုပစ္စုပန်ကာလတွင် လှူဒါန်းခဲ့မှုများသည် မွန်မြတ်သည့် ကုသိုလ်များ ပင်ဖြစ်ပါကြောင်း၊ ယနေ့ရှင်းလင်းပွဲသို့ အချိန်ပေး၍တက်ရောက်ခဲ့ပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအပေါ် ကြည်ညိုသဒ္ဒါစိတ်များဖြစ်ပေါ်၍ လှူဒါန်းကုသိုလ်ယူမှုများအတွက်လည်း ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုအပ်ပါကြောင်း၊ ယနေ့လှူဒါန်းမှုများအတွက် တူညီသည့် ကုသိုလ်များရရှိပါစေကြောင်းနှင့် စိတ်ချမ်း သာကိုယ်ကျန်းမာရှိကြပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြော ကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီး နှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်း ထည့်သွင်းထားရှိမှုများကို ကြည့်ရှုကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တည်ထားကိုးကွယ်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်း လင်း ပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ခဲ့ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ထားရှိမှု၊ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း သာသနိကအဆောက်အဦများ ထည့်သွင်းတည်ဆောက်ထားရှိမှု၊ မုစလိန္ဒနဂါးရုံဘုရားနှင့် ကျောက်စာရုံစေတီတော်များ တည်ထားကိုးကွယ်ထားရှိမှု တို့ နှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအပေါ် စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။