ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ လှည့်ကင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အား လက်နက်ကိုင်အကြမ်းဖက် အဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက် 

နေပြည်တော်၊ မေ ၂၁ 
    
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့ညမပြတ် လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း ဆောင်ရွက်နေစဉ် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ မားနာပလော့ကျေးရွာအထွက်သို့ အရောက်၌ လမ်း၏ ဝဲ/ယာတို့မှ လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၂၀ ဦးခန့်က လက်နက်ငယ် များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများဖြင့် ဝိုင်းဝန်းပိတ်ဆို့ အကြမ်းဖက်တိုက်ခိုက် ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၉ နာရီခွဲခန့်တွင်   လက်နက်ကိုင်အကြမ်းဖက်သူများမှာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အထက်ပါ ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့သုံးမော်တော်ယာဉ် ၃ စီးတို့တွင် လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။
    
အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာရာနောက်သို့ လိုက်လံစစ်ဆေးစဉ် မားနာပလော့ကျေးရွာ၏ အရှေ့မြောက်ဘက် လယ်ကွင်းအနီး၌ ၁၂ ဗို့ရာဘာကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသော အလောင်းတစ်လောင်းအား တူမီးသေနတ် ၂ လက်၊ လက်လုပ်သေနတ် ၁ လက်တို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့ရပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
    
အဆိုပါ ဖမ်းဆီးထိန်းသိမ်းရမိသူများအား လိုအပ်သည်များ စစ်ဆေးနိုင်ရန်အတွက် လွိုင်ကော်မြို့သို့ တပ်မတော်မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ  ငွေတောင်ကျေးရွာ အနီးရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူ အင်အား ၈၀ ဦးခန့်က လမ်းဝဲယာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့သူများအနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် မော်တော်ယာဉ် ၃ စီးနှင့် လက်နက်၊ ခဲယမ်း အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။