ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အား အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ခန့်က လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အား အကြမ်းဖက်သောင်းကျန်းသူ ၄ ဦး ခန့်က လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် 

နေပြည်တော်၊ စက်တင်ဘာ ၁၈
    
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးအတ္တကို အခြေခံ၍ ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသော အများပြည်သူအား သေကြေထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်စေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာ  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင်  ကယား ပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအား အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။ 
    
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုများအနေဖြင့် နိုင်ငံ အပေါ် သစ္စာမဲ့၍ ဆရာဝန်ကျင့်ဝတ်ကို လစ်လျူရှုကာ CDM ကြွေးကြော်ပြီး မိမိတို့၏ လုပ်ငန်း တာဝန်များကိုထမ်းဆောင်ခြင်းမရှိသဖြင့်‌ဒေသခံပြည်သူများ၏ ကျန်းမားရေးစောင့်ရှောက် မှုအခြေအနေများမှာ ဆိုးရွားမှုဖြစ်ပေါ်ခဲ့ရသည်။ထိုအခြေအနေကို ထိန်းသိမ်းကုစား နိုင်ရန်အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအစီစဉ်ဖြင့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြည့်စုံလုံလောက်မှုမရှိသဖြင့် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုအရ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ဆရာဝန် ၂၀ ဦးနှင့် သူနာပြု ၇၀ ဦး တို့အားဖြည့်ဆည်း၍ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုတိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိသည်။ 
    
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပုံမှန်လည်ပတ်မှုမပြုနိုင်စေရန်နှင့် ပြည်သူလူထု၏အကျိုးစီးပွားပျက်စီးကာ နယ်မြေဒေသတည်ငြိမ်မှုပျက်ပြားစေလိုသော ယုတ်မာသောရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လာရောက် နှောင့်ယှက်ပစ်ခတ်ခြင်းဖြစ်ပြီး ဖြစ်စဉ် တွင် လူနှင့် အဆောက်အဦ များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
    
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည့် အဖျက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေး လုပ်ငန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။