ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၌ လူစုလူဝေးဖြစ်ပွားမှုအား ဖြိုခွဲထိန်းသိမ်း

နေပြည်တော်၊ မတ်လ ၁၉
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ထေးတမရပ်ကွက်၊ ညဈေးအနီးလမ်းမပေါ်တွင် လူစုလူဝေးအင်အား ၅၀ ဦးခန့်က လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မီးပွိုင့် အနီးတွင် ဆူပူဆန္ဒပြသူလူစုလူဝေးအင်အား ၇၀ ဦးခန့်က လည်းကောင်း အတားအဆီးများ ချထား၍ ဆူပူဆန္ဒပြနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖြေရှင်းခဲ့ရာ လူစုကွဲသွား ခဲ့သည်။
    
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထက်ဖော်ပြပါ နေရာတစ်ဝိုက်တွင်ရှိသော အတားအဆီးများကို ဖယ်ရှားရှင်းလင်းပေးနေစဉ် မီးရထားသံလမ်းအနီး၌ လူစုကွဲသွားခဲ့သည့် ဆန္ဒပြသူ အင်အား ၁၃၀ ဦးခန့်က ထပ်မံစုစည်းရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား တုတ်၊ ခဲ၊ လေးဂွများ၊ လက်လုပ်မျက်ရည်ယိုဗုံးများဖြင့် ရန်ပြုတိုက်ခိုက်လာသဖြင့် ပြန်လည်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ လူစုကွဲသွားခဲ့သည်။ ၎င်းဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆူပူအကြမ်းဖက်ဆန္ဒပြသူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 
    
အလားတူ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဦးသန့်လမ်း၌ ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့်က အများပြည်သူ သွားလာသော လမ်းမပေါ်တွင် အတားအဆီးများပိတ်ဆို့ချထားပြီး အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှင်းလင်းဖယ်ရှားရာ ဆူပူအကြမ်းဖက်သူများက ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ရန်မူလာခြင်းကြောင့့်် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ  အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လူစုကွဲ၍ ထွက်ပြေးသွား ခဲ့သည်။
    
လူစုကွဲ၍ထွက်ပြေးသွားသော လူအုပ်စုသည် နံနက် ၁၀ နာရီ ခန့်တွင် ဗထူးလမ်းဆုံ၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်လမ်းနှင့် ဈေးလမ်းဆုံတို့၌ အင်အား ၁၀၀၀ ခန့်ထပ်မံစုဖွဲ့ကာ အများပြည်သူသွားလမ်းမကြီးအား အတားအဆီးများဖြင့် ပိတ်ဆို့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြုခြင်းများ ထပ်မံဆောင်ရွက်လာသောကြောင့်  လူစုခွဲရန် ဥပဒေလုပ်ထုံးလုပ်နည်း နှင့်အညီ သတိပေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့သတိပေးဆောင်ရွက်သော်လည်း ဆူပူအကြမ်းဖက် သူ လူအုပ်စုသည် လိုက်နာဆောင်ရွက်မှုမရှိသည့်အပြင် တူမီးသေနတ်၊ လေသေနတ်၊ မီးကွင်း၊ လောက်လွှဲစင်၊ လေးခွတို့ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြင်းထန်စွာဒဏ်ရာရရှိစေရန်နှင့် အသက် အန္တရာယ်ထိခိုက်စေရန်အထိ အကြမ်းဖက် ရန်ပြုတိုက်ခိုက်ကာ ဝိုင်းဝန်းညှပ်ပိတ်လုံးထွေးပြီး လုံခြုံရေး တပ်ဖွဲ့၏ လက်နက်များကိုပါ လုယက်မှုများဆောင်ရွက်လာသောကြောင့် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ဖြင့် ပြန်လည်ပစ်ခတ်လူစု ခွဲခဲ့ရာ ဆူပူအကြမ်းဖက်လူအုပ်စု လူစုကွဲ၍ ပြန်လည် ဆုတ်ခွာ သွားကြောင်းသိရှိရသည်။
 
အဆိုပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် အပြန်လှန်ပစ်ခတ်မှုများကြောင့် လူအုပ်စုအတွင်းမှ အမျိုးသား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်မှုတွင်ပါဝင်ဆောင်ရွက်ခဲ့သူ အမျိုးသား ၁၉ ဦး အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။     ဖမ်းဆီးရမိခဲ့သော အမျိုးသား ၁၉ ဦးအနက် ၁၆ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင်လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆူပူအကြမ်းဖက်မှုတွင်ပါဝင်ခဲ့သူများကို ဉပဒေအရပြင်းထန်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် သေဆုံးသူများနှင့်ပတ်သက်၍ သေမှု၊သေခင်း ဖွင့်လှစ်ဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။