ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ ကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၆
    

ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ ရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ် လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်း ဇမိမြစ်ရေနှင့်  ဟောင်သရောမြစ်ရေ မြင့်တက်လာမှုကြောင့် ကြာအင်း ဆိပ်ကြီးမြို့၊ အမှတ်(၆)ရပ်ကွက်မှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၀၇ ဦးကို Cyclone Shelter သို့လည်းကောင်း၊ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၇၈ ဦးကို ဘိုတဲကုန်း အဆောက်အဉီသို့လည်းကောင်း၊ အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၇၃ ဦးကို ၎င်းတို့၏ ဆွေမျိုးများအိမ်သို့လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၃၅ ဦးကိုအမှတ်(၄)အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၃ ဦးကို ၎င်းတို့၏ဆွေမျိုးများအိမ်သို့လည်းကောင်း၊ ကျိုက်ဒုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု ၃၉ စု၊ လူဦးရေ ၁၂၁ ဦးတို့ကို တိဿရာမတောင်ပေါ်ကျောင်းတိုက်သို့ လည်းကောင်း၊ ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံ ကျေးရွာရှိ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၃၃ ဦးတို့ကို အခြေခံပညာ အလယ်တန်းကျောင်းခွဲ(ချောင်းဆုံ)သို့လည်းကောင်းအသီးသီး ပြောင်းရွှေ့နေရာချထား ပေးပြီး ဆန်၊ ဆီ၊ ပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
  

 ထို့အပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း နှီးပဒေါင်းချောင်း၊ တောင်ကျရေ ရေလျှံမှု ကြောင့် နှီးပဒါးကျေးရွာအနီး၊ သံဖြူဇရပ်- မုဒုံသွား ကားလမ်းမကြီး၌ ရေကျော် ဝင်ရောက် မှုများဖြစ်ပေါ်လျက်ရှိရာ မော်တော်ယာဉ်များသွားလာမှုအဆင်ပြေစေရေးအတွက် နယ်မြေ ခံတပ်မှ တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။