ကရင်ပြည်နယ်အပြည်အတွင်း ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် သီးခြားစီလိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံတက္ကသိုလ်သို့သွားရောက်၍ ဘွဲ့နှင်းသဘင်ခန်းမတွင် ပါမောက္ခ များ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအားတွေ့ဆုံကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံ၏ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေး ပြောကြား ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်လည်း ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား လိုက်လံကြည့်ရှုကာ တစ်ဦးချင်း၏ ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြော ကြားသည်။ ထို့နောက် ကျောက်ကပ်အထူးကုခန်းတွင် ကုသဆောင်ရွက်ပေးနေမှု အခြေအနေများအားကြည့်ရှု၍ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာ ရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် ကရင်ပြည်နယ်၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အား ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် သွားရောက်တွေ့ဆုံ၍ တာဝန် ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်များအလိုက် လုပ်ငန်းအောင်မြင်အောင် စနစ် တကျဆောင်ရွက်ကြရန်နှင့် လမ်းများအား အရည်အသွေးပြည့်မီကောင်းမွန်အောင် လုပ်ဆောင်သွားရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြား ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ၃ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။