ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများက လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော်၊ မေ ၁၉
    
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများကလက်နက်ကြီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၁ စီးမီးလောင်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မေလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဘားအံမြို့နယ်၊ ဝါးဘိုးတောကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်သောင်းကျန်းသူများက အဆိုပါဂိတ်၏ အနောက် တောင်ဘက် ကိုက် ၂၀၀ ခန့်အကွာရှိ ရာဘာတောအတွင်းမှ ၄၀ မမဗုံးသီး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးရပ်တန့်ထားသော 6J/xxxx Honda Fit ယာဉ်ပေါ်သို့ ကျရောက်ပေါက်ကွဲမီးလောင်ခဲ့ပြီး မော်တော်ယာဉ်ပေါ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိ တစ်ဦးကိုင်ဆောင်သာ ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည် ၆ တောင့်နှင့် မော်တော်ယာဉ်တို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် ခြေသလုံး၊ ဖနောင့် တို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင် ထားရှိခဲ့သည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုအပ် သောအင်အားများ ထပ်မံဖြည့်တင်းကာ လိုက်လံပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။