ကလေးများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းက လူထုကိုယ်ခံအား ရရှိစေနိုင်ဟုဆို

ကလေးများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးခြင်းက လူထုကိုယ်ခံအားကို ရရှိစေနိုင်သည့်အတွက် ကလေးများကိုပါ  ကာကွယ်ဆေး ထိုးပေးသင့်ကြောင်း နော်ဝေကျန်းမာရေး ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောသည်။

နော်ဝေနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကလေးများနှင့် ဆယ်ကျော်သက်များ ပါဝင်သင့်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍    အမျိုးသားပြည်သူ့ ကျန်းမာရေးအဖွဲ့က စဉ်းစားနေစဉ်  အဆိုပါပညာရှင်က ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ကလေးငယ်များကို ကာကွယ်ဆေး ထိုးပေးသင့်ကြောင်း၊ ကာကွယ်ဆေး ရှိပါလျက်နှင့်  ကလေးငယ်များကို ရောဂါ မကူးစက်စေသင့်ကြောင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန် ပါက ရောဂါကူးစက်မည် မဟုတ်ကြောင်း ကိုယ်ခံအားစနစ် ကျွမ်းကျင်ပညာရှင် အန်နီစပါ့လန့်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကလေးငယ် အယောက် ၃ဝဝဝ တွင် တစ်ဦးက ရောဂါ ပျောက်ကင်းသွားသော်လည်း ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းသည့် ဝေဒနာခံစားရကြောင်း၊ ကလေးငယ်များသည် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဝေဒနာများကို  အများအားဖြင့် ကာကွယ်နိုင်သော်လည်း ထိုသို့ရောင်ရမ်းမှုကို မကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် ကလေးငယ်များတွင်လည်း  သေဆုံးမှုများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင်  ကလေးငယ်များ၏   ကိုယ်ခံအားစနစ်မှာ ကောင်းမွန်ကြောင်း၊ ၎င်းတို့သည်လည်း အရွယ်ရောက်ပြီးသူများကဲ့သို့   ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကို ကြုံတွေ့ရနိုင်သည့်အတွက်  ကာကွယ်ဆေး ထိုးရမည့် ပမာဏကိုသာ  ပြန်ညှိသင့်ကြောင်း ၎င်းကပြောသည်ဟု သိရသည်။

Ref: Sputnik