ကာကွယ်ဆေးထိုးခြင်းနှင့် ကန့်သတ်ချက်များချမှတ်ခြင်းက လော့ဒေါင်းချရမှုမှ လွတ်မြောက် စေနိုင်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ကာကွယ်ဆေးထိုးခြင်းနှင့် ကန့်သတ်ချက်များချမှတ်ခြင်းက လော့ဒေါင်းချရမှုမှ လွတ်မြောက် စေနိုင်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

ဂျေရုစလင်၊ ကျန်းမာရေး

နိုင်ငံအတွင်း၌ ကာကွယ်ဆေးထိုးခြင်းနှင့် ကန့်သတ်ချက်အသစ်များချမှတ်ခြင်းသည် နောက်တစ်ကြိမ် လော့ဒေါင်းချရမှုမှ လွတ်မြောက်စေနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ်က သြဂုတ် ၄ ရက်တွင် ပြောသည်။

အစ္စရေးနိုင်ငံ၌ ကန့်သတ်ချက်အသစ်များချမှတ်မှုကို သြဂုတ် ၃ ရက်က ထုတ်ပြန် ကြေညာပြီးနောက် ဝန်ကြီးချုပ်၏ ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ချမှတ်ထားသော ကန့်သတ်ချက်အသစ်များအရ မိုးလုံလေလုံခန်းမများ၌ပွဲကျင်းပရာတွင် လူ ၁၀၀ အောက်သာ ခွင့်ပြုပြီးပွဲတက်ရောက်သူများအနေဖြင့် ကာကွယ်ဆေးထိုး ပြီးကြောင်း ထောက်ခံချက် သို့မဟုတ် ရောဂါမရှိကြောင်း ဆေးစစ်ချက်များ ပါရှိရမည် ဖြစ်သည်။

လူ ၁၀၀ ကျော်တက်ရောက်သည့် လေဟာပြင်၌ပြုလုပ်သော ပွဲများသို့ တက်ရောက်သူများ အနေဖြင့် နှာခေါင်းစည်းကိုမဖြစ်မနေတပ်ရမည်ဖြစ်သည်။

နိုင်ငံအတွင်း၌ ကူးစက်မှုလျင်မြန်သည့် ဒယ်တာဗီဇပြောင်း ရောဂါပိုးကြောင့် ရောဂါ ဖြစ်ပွားမှု မြင့်တက်လျက်ရှိကြောင်း၊   ထို့ကြောင့် လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ပွေ့ဖက်ခြင်း များကိုမလုပ်ရန် သတိပေးကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်တွင် ရောဂါအပြင်းအထန်ဖြစ်ပွားသူ ၂၂၉ ဦးအပါအဝင် တစ်ရက်လျှင် ရောဂါပိုးကူးစက်ခံရသူအယောက် ၂၀၀၀ ကျော်ရှိကြောင်းနှင့် ယင်းအရေအတွက်သည် ဧပြီလနောက်ပိုင်း တစ်ရက်အတွင်းစံချိန်တင် ကူးစက်မှု ဖြစ်ကြောင်း သိရသည်။

Ref: TST