ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တွေ့ဆုံ

နေပြည်တော်၊ မတ် - ၁၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့၊ ဒေသခန်းမ၌  သွားရောက်တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ပင်းတယမြို့သို့ ရောက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအာကာလင်း နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်းနှင့်  ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအာကာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ၊ ဒုတိယဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊  ဌာနဆိုင်ရာ တာဝန် ရှိသူများ နှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအာကာလင်း က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ  ဒေသဆိုင်ရာ အချက်အလက်များနှင့် ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍  လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး က ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီးတက်ရောက်လာကြသည့် “ချယ်ရီတောင်တန်း” လက်ဖက်စိုက်ပျိုး ရေးနှင့် အထွေထွေလုပ်ငန်းသမအသင်း မှ ဦးဘစီ ၊ “ရွှေတက်လမ်း” အာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊“အမေ့အိမ်” စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်း ရှင် ဒေါ်ဟန်နီကို ၊ “ဓနုညီနောင်” ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း ၊ “ ရွှေတောင်တန်း” ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင်နှင့် “ Holiday” ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်းနွယ်စိုး တို့က ဒေသထွက်မိရိုးဖလာ စားသောက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများက အာလူးစိုက် တောင်သူများ အတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သုတေသန လုပ်ငန်း များတွင် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်လာနိုင်ရန် လိုအပ်မှု၊ ဝန်ကြီးဌာန များအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ လုပ်ငန်းအတွက် ချေးငွေရယူလိုမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် ဉပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြင့်မား စေရေး၊ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမှု၊ သွင်းအားစု ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဗဟိုလုပ်ငန်းကော်မတီ၌ ဝန်ကြီးဌာနများအားလုံးမှ MSME လုပ်ငန်းနှင့်ပတ်သက်၍ ရရှိနိုင်မည့် သင်တန်းအမျိုးအစားများအလိုက် စုစည်း၍ Web Site ၌ တင်ထားမှုနှင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် အခြေအနေများ၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အားပေးဆောင် ရွက်လျက်ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ရှင်း လင်းကြသည်။

ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က အမှာစကားပြောကြားရာ တွင် “ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” သို့   နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ MSME လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လာရောက် ခြင်းဖြစ်ကြောင်း၊ ပထမဦးစွာ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုက အရေးကြီးကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာလည်း ဒေသ အတွင်း တည်ငြိမ်အေးချမ်းခြင်းနှင့် တရားဉပဒေစိုးမိုးခြင်းတို့ကလည်း မရှိမဖြစ် လိုအပ်သဖြင့် အဆိုပါလိုအပ်ချက်ကို ဒေသခံပြည်သူများကပင် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့များနှင့် ရှိပြီးတည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းရန်လိုပါကြောင်း၊ သို့မှသာ စီးပွားရေးလုပ်ငန်းများအား စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ပြီး ထုတ်ကုန် များမှာလည်း တိုးတက်ထုတ်လုပ်နိုင်ခြင်း၊ ဈေးကွက်ပိုမိုရရှိနိုင်ခြင်း အပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန် ဒေသခံများ ကိုယ်တိုင် ဝင်ငွေရရှိနိုင်သော စီးပွားရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရဌာနဆိုင်ရာများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ သို့သော် ဒေသခံပြည်သူများကိုယ်တိုင် ကြိုးစား လုပ်ကိုင်မှုကသာလျှင် မိမိဒေသဖွံ့ဖြိုးမှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း။

ဆက်လက်၍ MSME ၏ အခြေခံအချက်သည် အဓိကဒေသထွက် ကုန်ကြမ်းကို အသုံးပြု၍ အဆင့်မြင့် အရည်အသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းပညာ၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်တို့လည်း လိုအပ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်သည် စီးပွားရေးလုပ်ငန်းများအားလုံးအတွက် အရေးကြီးကြောင်း၊ ယနေ့စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍအားလုံးတွင် စက်ကိရိယာနှင့် နည်းပညာများပေါ်တွင် မူတည်နေ သဖြင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ပညာတတ်မြောက်ရန်လိုကြောင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်တွင် လုပ်ငန်းကျွမ်းကျင်သည့် လုပ်သားများအပေါ်မူတည်၍ ဈေးကွက်ရရှိမှု ကွာခြားနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လုပ်ငန်းအဆင့်တိုင်းအတွက် လျော်ညီသည့် ပညာတတ်မြောက်မှုရှိစေရန် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေစေရေးနှင့် ပညာသင်ကြားရာတွင်လည်း ကျောင်းနေသူတိုင်း KG+9 အနည်းဆုံး တတ်မြောက် အောင်မြင်ရမည်ဟု ပညာရေးနှင့်ပတ်သက်၍ မူဝါဒများ ချမှတ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက်ကလည်း ပညာရေးနှင့်ပတ်သက်၍ လူတိုင်း စာတတ်မြောက်ရေး စီမံကိန်းများ အမျိုးမျိုးချမှတ်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၁ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် စတင်တာယူချိန်မှစ၍ တပ်မတော်တွင် စစ်သည်အဆင့်အတန်းအားလုံး အနည်းဆုံး မူလတန်းအဆင့်၊ ၎င်းမှ  အလယ်တန်းအဆင့် အောင်မြင်ရမည်ဟူသော မူဝါဒဖြင့် ချမှတ်၍ နှစ်စဉ်အလေးထားဆောင်ရွက်နေကြောင်း၊ သို့မှသာ တပ်မတော် တွင် ယနေ့အသုံးပြုနေသည့် ခေတ်မီစစ်လက်နက်ပစ္စည်းကိရိယာများကို အခြေခံ ပညာအလယ်တန်းအဆင့် အနည်းဆုံး အောင်မြင်ပြီးသူမှသာ ကိုင်တွယ် ဆောင်ရွက် နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဉပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ ခေတ္တရယူထိန်းသိမ်း စဉ်ကပင်စ၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေသူတိုင်း အနည်းဆုံး KG+9 အောင်မြင်ရေး မူချမှတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကျောင်းနေ အရွယ်ကလေးအားလုံး KG+9 အောင်မြင်မှသာလျှင် အထက်တန်းအဆင့်မှ အဆင့်မြင့် ပညာရေးသို့လည်းကောင်း၊ တစ်ဖက်တွင်လည်း Vocational Training မှတစ်ဆင့် လုပ်ငန်းခွင်များသို့ လက်တွေ့လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။

၎င်းအပြင် MSME လုပ်ငန်းများတွင် အရင်းအနှီးသည်လည်း မရှိမဖြစ်လိုအပ် ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ဒေသအခြေအနေပေါ်မူတည်၍ SME လုပ်ငန်းများအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများက ရန်ပုံငွေမှ ထုတ်ချေး ပေးခဲ့ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လူပေါင်း ၂၈၂၂ ဦးတို့အား ငွေကျပ် ၆ ဘီလီယံကျော် ထုတ်ချေးပေးထားသည်ကို တွေ့ရကြောင်း၊ မိမိတို့ အစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေအဖြစ် ငွေကျပ် ၅ ဘီလီယံကို ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင် များအတွက် အရင်းမပျောက်မတည်ငွေများအဖြစ် ထုတ်ပေးထားပါကြောင်း၊ လုပ်နိုင်စွမ်းရှိသူ အမှန်တကယ်လိုအပ်သော လုပ်ငန်းရှင်များလက်သို့ မှန်မှန်ကန်ကန် ရောက်ရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ထိုသို့ မဟုတ်ပါက ဝန်ထုတ်ဝန်ပိုး ဖြစ်စေ၍ လုပ်ငန်းရှင်အား အကြွေးနွံအတွင်းသို့ ရောက်ရှိစေမှာဖြစ်ကြောင်း၊ ချေးငွေ များကိုလည်း သတ်မှတ်ကာလအတွင်း တာဝန်ကျေ ပြန်လည်ပေးဆပ်ရန်လိုကြောင်း၊ ယနေ့ငွေချေးရန် တင်ပြလာသည့် လုပ်ငန်းရှင်များကလည်း ချေးငွေရရှိခြင်းဖြင့် ရရှိ လာမည့် အကျိုးရလာဒ်၊ ပြန်လည်ပေးဆပ်ရန် ကာလနှင့် အလုပ်အောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရေးဆွဲ၍ သက်ဆိုင်ရာ ဒေသအဆင့် အစိုးရအဖွဲ့အား တင်ပြကြရန် လိုပါကြောင်း။

သွင်းအားစုနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ စသော လုပ်ငန်းအမျိုးအစားအရ ဓာတ်မြေဩဇာ၊ ရေ၊ လောင်စာဆီ၊ လျှပ်စစ် စသဖြင့်    ရှိကြောင်း၊ နည်းပညာအနေဖြင့် စီးပွားရေးဖြစ်ထွန်းအောင်မြင်ရေးအတွက် အဓိက ကျသော စပါးစိုက်ပျိုးရေးတွင် မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုးရေး နည်းစနစ်ကောင်းမှု၊ စပါးမှ ဆန်အဖြစ် အဆင့်မီ ကြိတ်ခွဲမှု စသည့်လုပ်ငန်းအဆင့်ဆင့် တို့သည် နည်းပညာပေါ်တွင် မူတည်၍ ထွက်ရှိမှုနှင့် အရည်အသွေးများစွာ ကွာခြားနိုင် ကြောင်း။

အလားတူ မွေးမြူရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများတွင်လည်း နည်းပညာ သည် မရှိမဖြစ် လိုအပ်ကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ MSME နှင့် ဆက်စပ်သော ဝန်ကြီးဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမနှင့် ကျေးလက်ဖွွံ့ဖြိုးရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့် ဝန်ကြီးဌာနများရှိ Web Site တို့တွင် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ  ဖော်ပြထားပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆန်ဖူလုံ သော ဒေသတစ်ခုဖြစ်သည်ဟု သိရှိရကြောင်း၊ သို့သော် ထွက်ရှိသော စပါးသည် အရည်အသွေး မြင့်မားနေရန်လိုကြောင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များတွင် အရည်အသွေးပေါ် မူတည်၍ ဈေးနှုန်း ၂  ဆမှ ၃ ဆ အထိ ကွာခြားမှုရှိကြောင်း၊ မွေးမြူရေးလုပ်ငန်း အနေဖြင့်လည်း ဒေသအတွက် ဖူလုံသော အခြေအနေတွင်ရှိ၍ ခေတ်နှင့်လျော်ညီသော  အေးခဲအသားအဖြစ် အဆင့်မီတိုးမြှင့်ထုတ်လုပ်နိုင်ပါက ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်လုပ် နိုင်ရန်မှာ ခေတ်မီနည်းပညာရှိမှသာ ဖြစ်နိုင်ကြောင်း။

ပင်းတယဒေသသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အထင်ကရနေရာ တစ်ခု ဖြစ်၍ ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာ ဒေသတစ်ခုဖြစ်ကြောင်း၊ မီးခိုးမထွက်သော စက်ရုံများဟု တင်စားခေါ်ဝေါ်သော ပြည်တွင်း/ ပြည်ပ ငွေ ရှာဖွေပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထုတ်ကုန်များကိုလည်း ရိုးရာမပျက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြည်ပခရီးသွားများ စိတ်ဝင်စားကာ လာရောက်လည်ပတ်သည့် ဒေသဖြစ်၍ ရိုးရာ ထွက်ကုန် ပစ္စည်းများကို တရားဝင် မှတ်ပုံတင်၍ စနစ်တကျ ထုတ်လုပ်ရန် လိုကြောင်း၊ ယခုအခါ ပို့ကုန်နှင့်သွင်းအားစု မျှတစွာ ဆောင်ရွက်ခြင်း၊ သွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှုများကို အားပေးခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အားပေးခြင်း တို့ကြောင့် နိုင်ငံ၏စီးပွားရေး အသင့်အတင့် ကောင်းမွန်လာပြီဖြစ် ကြောင်း၊  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရတစ်ဖွဲ့တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန် ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု ထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို  ကြည့်ရှုကြရာ  တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် ပင်းတယမြို့ရှိ ရွှေဉမင်သဘာဝလှိုဏ်ဂူဘုရားသို့ သွားရောက်၍ လှိုဏ်ဂူတော်အတွင်းရှိ ဘုရား၊ စေတီများအား လိုက်လံလှည့်လည်ဖူးမြော်ကြည်ညို ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး အလှူငွေများ ထည့်ဝင်လှူဒါန်း ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ပင်းတယမြို့ရှိ စေတီကြီးကျောင်းတိုက်သို့ သွားရောက် ကာ ဒေါက်တာ ဘဒ္ဒန္တ ခေမာဉာဏ အမှူးပြုသော သံဃာတော် များအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ အား ဆန်၊ဆီနှင့်  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စေတီကြီးကျောင်း တိုက် ဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ထို့နောက် ဆရာတော်ကြီးထံသို့ သာသနာရေးဆိုင်ရာကိစ္စရပ် များအား တင်ပြလျှောက်ထားကြပြီး ဆုံးမဩဝါဒများ နာယူခဲ့ကြကြောင်းနှင့် အဆိုပါ စာသင် တိုက်တွင် စာချဆရာတော်ကြီး ၁၆ ပါး ၊ စာသင်သားကိုရင် ၁၀၀ ပါးခန့် သီတင်း သုံးလျက် ပရိယတ္တိသာသနာဆိုင်ရာများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။