ကာဆန်ဆိုလေမာနီ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် လက်တုံ့ပြန်နိုင်ရေးအတွက် ဒုံးကျည်များ တိုးမြှင့်ဖြန့်ကြက်လာသည့် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့

 

အီရန်အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သူ ကာဆန်ဆိုလေမာနီ လုပ်ကြံသတ်ဖြတ် ခံရမှုအပေါ် လက်တုံ့ပြန်နိုင်ရေးအတွက်   လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့က  ပစ်မှတ်အား အတိအကျပစ်ခတ်နိုင်သည့်  ဒုံးကျည်များကို တိုးမြှင့်ဖြန့်ကြက်ထားသည်ဟု အဆိုပါ ပြောက်ကျားတပ်ဖွဲ့အကြီးအကဲ ဟက်ဆန်နာဆရယ်လာက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ပြီးခဲ့သည့်နှစ်အတွင်း ပါလက်စတိုင်းပြင်ပရှိ မည်သည့် ပစ်မှတ်မျိုးကိုမဆို    တိကျစွာပစ်ခတ် တိုက်ခိုက်နိုင်သည့် ဒုံးကျည်အရေအတွက်ကို နှစ်ဆတိုးမြှင့်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့တိုက်ခိုက်လိုသည့် မည်သည့်ပစ်မှတ်ကိုမဆို အတိအကျပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိပြီ ဖြစ်ကြောင်း နာဆရယ်လာက လက်ဘနွန် သတင်းအေဂျင်စီကြီးတစ်ခုဖြစ် သော Al-Mayadeen နှင့် ပြုလုပ်သည့် ရုပ်သံမှတစ်ဆင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နာဆရယ်လာ၏ အဆိုပါပြောဆိုချက်သည် ကာဆန်ဆိုလေမာနီ လုပ်ကြံသတ် ဖြတ်ခံရပြီးနောက် တစ်နှစ်မပြည့်မီ ရက် အနည်းငယ်အလိုတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။   ကာဆန်ဆိုလေမာနီသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်ကလုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ပြီး   ၎င်းလုပ်ကြံခံရမှုအတွက်    ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်ရာတွင်  ပါဝင်ခဲ့သည့်နိုင်ငံများအပေါ် လက်တုံ့ပြန်ရန် စီစဉ်လျက်ရှိသည်။

အဆိုပါ   လုပ်ကြံသတ်ဖြတ်မှုသည်  မည်သည့်နိုင်ငံ၏ လက်ချက်ဖြစ်သည်ကို  တရားဝင်ထုတ်ပြန် ထားခြင်းမရှိသော်လည်း အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့က လုပ်ဆောင်ခြင်းဖြစ်သည် ဟူသော ပြောဆိုချက်များထွက်ပေါ်နေသည်။ ထို့ပြင် အီရန်နိုင်ငံကလည်း ကာဆန် ဆိုလေမာနီအား အမေရိကန်နှင့် အစ္စရေးတို့က ပူးပေါင်းလုပ်ကြံခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။ ထို့ကြောင့် အဆိုပါလုပ်ကြံ သတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်မည်ဟု  အီရန်က ထပ်တလဲလဲ ပြောကြားထားခြင်း ဖြစ်သည်။

ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့နှင့် အီရန်တို့ကြားဆက်ဆံရေးကို ကြည့်မည်ဆိုပါက ၎င်းတို့ဆန့်ကျင် နေသည့် ဘုံရန်သူမှာ တူညီနေသောကြောင့် နှစ်ဖက်အဖွဲ့ အစည်းကြား ဆက်ဆံရေးမှာ  ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့သည်။ ဟစ်ဇ်ဘိုလာနှင့်    အီရန်တို့သည်  စစ်ရေးအရ အနီးကပ်ပူးပေါင်းဆောင်ရွက် နေသည့်အပြင်   ဒေသတွင်း မဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆီးရီးယားကိုလည်း ထောက်ခံလျက် ရှိသည်။ ထို့ကြောင့် ဆီးရီးယားနိုင်ငံအတွင်း  လေကြောင်းမှ တိုက်ခိုက်နေသည့်အစ္စရေးအား လက်တုံ့ ပြန်ရန်စီစဉ်နေခြင်းဖြစ်သည်။

ထို့ပြင် အီရန်မှ စစ်ရေးအကြံပေးများနှင့် ဟစ်ဇ်ဘိုလာပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကိုင် တပ်ဖွဲ့ဝင် အများအပြားကလည်း မပြီးဆုံးနိုင်သေးသည့် ဆီးရီးယား ပြည်တွင်းစစ်အတွင်း သမ္မတဘာရှာအယ်လ် အာဆတ်အစိုးရဘက်မှနေ၍ ဝင်ရောက် တိုက်ခိုက်နေခြင်းကြောင့် အီရန်မှ ကာဆန် ဆိုလေမာနီအား လုပ်ကြံသတ်ဖြတ်မှုအပေါ်ဟစ်ဇ်ဘိုလာနှင့် အီရန်တို့က လက်တုံ့ပြန်ရန် စီစဉ်မှု၊  ဆီးရီးယားနိုင်ငံအတွင်း  အစ္စရေးက လေကြောင်းမှတိုက်ခိုက်မှု၊  ဆီးရီးယားပြည်တွင်းစစ်အတွင်း တခြားအဖွဲ့အစည်းများ ပါဝင်နေမှု  စသည့် အကြောင်းအရာများသည်   အရှေ့အလယ်ပိုင်းဒေသအား စစ်မြေပြင်တစ်ခုအဖြစ်   ပြောင်းလဲပစ်လာနိုင်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Ref: Sputnik