ကားသူခိုးများရန်မှ ကာကွယ်ပေးနိုင်တော့မယ့် စီးကရက်မီးညှိအပေါက်
ကမ္ဘာပေါ်မှာ ကားများ အခိုးခံရမှုနှုန်းထားကလည်း အင်မတန်ကြောက်စရာ ကောင်းလောက်အောင် မြင့်တက်လာပါတယ်။ နည်းပညာမြင့်မားလာတာနဲ့အမျှ ကားသူခိုးများရဲ့ စွမ်းရည်ကလည်း လိုက်ပါမြင့်မား လာပြန်ပါတယ်။
ဥပမာတစ်ခုပြရရင် ကွန်ပျူတာစနစ် အသုံးပြုထားတဲ့ ကားအမျိုးအစားတစ်ခုကို ကားသူခိုးက ကွန်ပျူတာဖြင့်ပင် Hacking ပြုလုပ်ပြီး ခိုးယူသွားနိုင်စွမ်းရှိတာကို ဆိုလိုတာပါ။ အလားတူ အဆင့်မြင့်ကြိုးမဲ့ စနစ်များနဲ့ တစ်ပါတည်းပါဝင်တဲ့ ဆက်သွယ်ရေးကွန်ရက်များက ယနေ့ခေတ်ပေါ်ကား တော်တော်များများမှာ စံနှုန်းသတ်မှတ်ချက်တစ်ခုအနေနဲ့ ပါဝင်လာကြပေမယ့် ကားသူခိုးများကလည်း အဆိုပါ ခေတ်ပေါ်ကားများရဲ့ အားနည်းချက်များကို ရှာဖွေပြီး ခိုးယူနိုင်စွမ်းရှိနေကြပြန်ပါတယ်။
ဒါကြောင့် ကားများအခိုးခံရနှုန်း မြင့်တက်လာခြင်းဟာ အရေးပေါ်အခြေအနေတစ်ရပ်ကဲ့သို့ဖြစ်လာပြီး သုတေသန ပညာရှင်များကလည်း တီထွင်ဖန်တီးမှု အားကောင်းတဲ့ နည်းလမ်းတစ်ခုကို ဖော်ထုတ်ပြလိုက်ပါပြီ။
သူတို့ရဲ့တီထွင်မှုက တခြားစက်ပစ္စည်းကိရိယာများ လိုအပ်တာမျိုးမဟုတ်ဘဲ ကားတိုင်းမှာ ပါဝင်လေ့ရှိတဲ့ စီးကရက်မီးညှိအပေါက် တစ်နည်းအားဖြင့် အရန်စွမ်းအင်အပေါက်ကို အသုံးပြုထားတာပါ။
ဒီနည်းလမ်းကို တီထွင်ဖန်တီးထားသူများက မီချီဂန်တက္ကသိုလ်မှ သုတေသီများဖြစ်ပြီး Battery Sleuth လို့ အမည်ရတဲ့ စနစ်တစ်ခုကိုဖန်တီးစမ်းသပ်ပေးဖို့ အမျိုးသားသိပ္ပံဖောင်ဒေးရှင်းဆီကနေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းရရှိခဲ့ပါတယ်။
အမျိုးသားသိပ္ပံဖောင်ဒေးရှင်းကလိုချင်တဲ့ မော်တော်ယာဉ်လုံခြုံရေးစနစ်က နောက်ဆုံးပေါ်ကြိုးမဲ့ စနစ်များကို Hacking ပြုလုပ်ခြင်းသာမက ခေတ်ဟောင်းနည်းလမ်းဖြစ်တဲ့ ကားထဲဖောက်ဝင်ပြီး ဝိုင်ယာကြိုး
ပူးကာစက်နှိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ရမည့်စနစ်ပါ။
သာမန်အားဖြင့် လုံခြုံရေးစနစ်များက ပုံမှန်မဟုတ်တဲ့နည်းလမ်းများနဲ့ ကားကိုရယူမှုကနေ ကာကွယ်ပေး နိုင်ပေမယ့်လည်း Hacking လုပ်ခြင်းကို ခံရပြီဆိုရင် ဘာမှမတတ်နိုင်တော့ပါဘူး။
ဒါပေမဲ့ Battery Sleuth စနစ်ကတော့ မော်တော်ကားရဲ့ အီလက်ထရွန်နစ်စနစ်အတွင်းရှိ ဗို့အားအတက်အကျကို တိုင်းတာခြင်းအားဖြင့် ယာဉ်ပိုင်ရှင် တစ်နည်းအားဖြင့် ယာဉ်မောင်းမယ့်သူကို အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။ ဒီစနစ်နဲ့အပြန်အလှန်ချိတ်ဆက်နိုင်ဖို့ကတော့ ယာဉ်မောင်းများက စီးကရက်မီးညှိအပေါက်မှာ တပ်ဆင်ထားတဲ့ ကီးပတ်ကို အသုံးပြုရမှာပါ။
ဆိုလိုတာက ယာဉ်မောင်းသူအနေနဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ဂဏန်းဝှက်လေးလုံးကို ကီးပတ်မှာ မှန်ကန်စွာရိုက် ထည့်နိုင်မှသာ ကားစက်နှိုးလို့ရမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းက အဲဒီကီးပတ်မှာပဲ ပါတဲ့ လက်ဗွေဖတ် စနစ်ကနေတစ်ဆင့်လည်း ကားကိုပိုင်ဆိုင်သူအဖြစ် အသိအမှတ်ပြုစေပြီး စက်နှိုးနိုင်စေမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းက ကားကိုပိုင်ဆိုင်သူ သို့မဟုတ် ယာဉ်မောင်းသူတစ်ဦးတည်းကသာ ဂဏန်းဝှက်များကို သိရှိထားမှာ ဖြစ်သလို လက်ဗွေစနစ်မှာဆိုရင်လည်း နှစ်ယောက်မရှိနိုင်တဲ့ လက်ဗွေနဲ့မှသာ ကားကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခုနည်းလမ်းမှာ ဘယ်လိုကြိုးမဲ့စနစ်ကိုမှ အသုံးပြုထားခြင်း မရှိပါဘူး။ ဒီအတွက်ကြောင့်လည်း Hacking လုပ်ခံရခြင်း ရန်ကနေကင်းဝေး စေပါလိမ့်မယ်။
အကယ်၍များ ကားသူခိုးက ကားအတွင်းဝင်နိုင်ပြီး အဲဒီကီးပတ်ကို ဆွဲဖြုတ်တာတို့၊ ကြိုတင် သတ်မှတ်ထားခြင်းနဲ့ ကိုက်ညီမှုမရှိတဲ့ အရာတစ်ခုခုတို့ကို လုပ်ဆောင်တာမျိုးဆိုရင် သတိပေးစနစ်က ဥသြဆွဲမှာဖြစ်ပြီး ကားရဲ့ အီလက်ထရွန်နစ် စနစ်ကိုလည်း ပိတ်ချပစ်လိုက်မှာပါ။
လက်ရှိအချိန်မှာတော့ ဖန်တီးဆဲအဆင့်မှာသာရှိသေးတဲ့ Battery Sleuth ကို စမ်းသပ်ရာမှာ ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ထိရောက်မှုနဲ့အောင်မြင်မှုရရှိထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုနည်းလမ်းဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးနစ်နာနေရတဲ့ ကားများအခိုးခံရခြင်းရန်မှ ကင်းဝေးစေမယ့် နောက်ဆုံးနည်းလမ်းတစ်ခု ဖြစ်နေပါတယ်။
Ref: IE