ကိုဗစ်-၁၉ ကာကွယ်ဆေးအကြောင်း ပြောကြသမျှကောလာဟလများ(၂)

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့မလိုဘူး ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ် ကူးစက်ခံရပြီဆိုရင် ခန္ဓာကိုယ်ကအဲဒီဗိုင်းရပ်ကို အလိုအလျောက် တိုက်ထုတ်ဖို့ကြိုးစားပါတယ်။

တိုက်ထုတ်လို့အောင်မြင်သွားတဲ့အခါ အဲဒီဗိုင်းရပ် ကိုခုခံနိုင်တဲ့ကိုယ်ခံအားဟာ အချိန်အတိုင်းအတာ တစ်ခု အထိဖြစ်ပေါ်ပြီး ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေပါတယ်။ အဲဒီအချိန်ကာလအတွင်း နောက်ထပ် Sars-CoV-2 ဗိုင်းရပ်တွေ ထပ်မဝင်လာနိုင်ပါဘူး။

ဒါပေမဲ့ အဲဒီကိုယ်ခံအားက အချိန်ဘယ်လောက် ကြာကြာခံနိုင်လဲဆိုတာ ဘယ်သူမှမသိပါဘူး။ တစ်လလည်း ဖြစ်ချင်ဖြစ်မယ်။ တစ်နှစ်လည်းဖြစ်ချင်ဖြစ်မယ်။

ဘယ်သူမှအတိအကျမသိပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးရင်တောင်မှ ကာကွယ်ဆေးထိုးဖို့ကို ကျွမ်းကျင်ဆရာဝန်များက အကြံပြုထားကြပါတယ်။ အကယ်၍ ကိုယ်ကရောဂါဖြစ်ပြီးသားဖြစ်တဲ့အတွက် ကိုယ်ခံအားလည်းထွက်နေမယ်။ ကာကွယ်ဆေးထိုးလိုက်တဲ့အတွက် နောက်ထပ်ကိုယ်ခံအားတွေလည်း ထွက်လာမယ်ဆိုရင် တော်တော်နဲ့ ရောဂါကူးစက်ခံရတော့မှာမဟုတ်ပါဘူး။

တချို့ကာကွယ်ဆေးတွေဆိုရင် ဗီဇပြောင်းဗိုင်းရပ် တချို့ကိုပါ ကာကွယ်နိုင်စွမ်းရှိတဲ့အတွက် ကိုယ်က ကာကွယ်ဆေးထိုးလိုက်တဲ့အခါ သာမန်ဗိုင်းရပ်တင်မက ဗီဇပြောင်းဗိုင်းရပ်တွေကိုပါ ကာကွယ်နိုင်စွမ်း ရှိသွားမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကိုယ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးသားဆိုရင် ကာကွယ်ဆေးထပ်ထိုးသင့်လား၊ မထိုးသင့်ဘူး လားဆိုတာကို စဉ်းစားသုံးသပ်နိုင်မယ်လို့ထင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် နှာခေါင်းစည်းတပ်စရာမလိုတော့ဘူး

နှာခေါင်းစည်းတပ်တယ်ဆိုတာ တကယ်တော့ စိတ်ရှုပ်ဖို့ကောင်းပါတယ်။ မျက်မှန်တပ်ရတဲ့သူတွေဆိုရင် မျက်မှန်ကို အခိုးရိုက်တဲ့အတွက် သာမန်လူတွေထက် ဒုက္ခပိုရောက်ပါတယ်။

ဒါပေမဲ့လည်း Sars-CoV-2 ဗိုင်းရပ်ဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်သာ ခန္ဓာကိုယ်အတွင်းဝင် ရောက်တာဖြစ်တဲ့အတွက် ကိုယ့်ဆီကိုဗိုင်းရပ်မဝင်စေဖို့ ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းတွေကို တစ်စုံ တစ်ခုနဲ့ တားထားဖို့လိုပါလိမ့်မယ်။ အဲဒီတစ်စုံတစ်ခုကတော့ နှာခေါင်းစည်းပါပဲ။

သို့သော် ကာကွယ်ဆေးထိုးပြီးရင် နှာခေါင်းစည်းတပ်စရာ မလိုတော့ဘူးဆိုတဲ့ အယူအဆကတော့မှားယွင်း နေပါသေးတယ်။

အကြောင်းရင်းကတော့ လက်ရှိအခြေအနေအရ ကိုယ့်အိမ်မှာရှိတဲ့လူအကုန်လုံးတောင်မှ ကာကွယ်ဆေး မထိုးရသေးတဲ့အတွက် တခြားသူတွေအကုန်လုံး ကာကွယ်ဆေးထိုးပြီးမယ်လို့ မျှော်လင့်လို့မရတဲ့အတွက် ဖြစ်ပါတယ်။

“မိမိကတော့ ကာကွယ်ဆေးထိုးပြီးပါပြီ” ဆိုပြီး ဘယ်သူမှစာရေးပြီး မကပ်ထားတဲ့အတွက် ဘယ်သူကတော့ ကာကွယ်ဆေးထိုးပြီးပြီ။ ဘယ်သူကတော့ ကာကွယ်ဆေးမထိုးရသေးဘူးဆိုတာ မျက်စိနဲ့ကြည့်ရုံနဲ့ မခွဲခြား နိုင်ပါဘူး။

အဲဒီလူက ကိုယ့်မျက်စိရှေ့မှာတင် ကာကွယ်ဆေးထိုးတာကို ခံယူထားတယ်ဆိုရင်တော့ နှာခေါင်းစည်းတပ် စရာမလိုဘဲ အဲဒီလူနဲ့ ယုံကြည်စိတ်ချစွာစကားပြောဆိုဆက်ဆံလို့ရနိုင်ပါတယ်။

ဒါကြောင့် ပညာရှင်တွေအကြံပြုထားတဲ့ နှာခေါင်းစည်းတပ်စရာမလိုတဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲဒါက တော့ ကာကွယ်ဆေးထိုးပြီးတဲ့သင်ဟာ ကာကွယ်ဆေးထိုးပြီးတဲ့ တခြားသူတွေနဲ့ တစ်ခန်းတည်းမှာအတူ ရှိတဲ့အချိန်ပါပဲ။

ကိုယ်ကလူကြားထဲကိုသွားမယ်၊ ဒါမှမဟုတ် ကာကွယ်ဆေးမထိုးရသေးတဲ့ တခြားသူတွေနဲ့ပြောဆို ဆက်ဆံ တော့မယ်ဆိုရင် နှာခေါင်းစည်းတပ်တာ အကောင်းဆုံးပါပဲ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ထိုးထားတဲ့ကာကွယ်ဆေးက Sars-CoV-2 ဗိုင်းရပ်ကူးစက်မှုကို ခုခံနိုင်တဲ့ ကိုယ်ခံအားထွက်လား၊ မထွက်ဘူးလားဆိုတာ ဘယ်သူမှ သေချာမသိပါဘူး။ ပြီးတော့ ဗီဇပြောင်းဗိုင်းရပ်တွေ ကူးစက်မှုကိုလည်း ကာကွယ်နိုင်လားဆိုတာ မသိနိုင်တဲ့အတွက်ဖြစ်ပါတယ်။

အကယ်၍ ကိုယ်ကကာကွယ်ဆေးထိုးထားပါသော်လည်း ကိုယ်ခံအားမထွက်ဘူးဆိုရင် တခြားသူတွေဆီ ကနေ  ဗိုင်းရပ်အလွယ်တကူကူးနိုင်သလို ကိုယ့်မှာ ဗိုင်းရပ်ကူးသွားပြီဆိုရင်လည်း တခြားသူတွေဆီကို ပျံ့နှံ့ သွားစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။

ဒါကြောင့် နှာခေါင်းစည်းချွတ်ရမယ့်အချိန်ကတော့ ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ရောဂါအရှင်းနီးပါးပျောက်သွား တဲ့အချိန်ပဲဖြစ်ပါတယ်။

ဆေးထိုးပြီးလို့ဆေးစစ်ရင် ပေါ့စတစ်ဖြစ်တယ်

လူအများစုအမှတ်မှားနေတာ နောက်တစ်ခုက ကာကွယ်ဆေးထိုးတယ်ဆိုတာ ဗိုင်းရပ်ကိုခန္ဓာကိုယ်ထဲထည့် လိုက်တာဖြစ်တယ်။ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ ဗိုင်းရပ်ကြောင့် ကိုယ်ခံအားထွက်ပေါ်လာတယ်ဆိုတာပါပဲ။

တကယ်တမ်းတော့ ကာကွယ်ဆေးထဲမှာပါတာက ဗိုင်းရပ်စစ်စစ်ကြီးမဟုတ်ပါဘူး။ ဗိုင်းရပ်ကိုချေမှုန်းနိုင် အောင်လို့ ကိုယ်ခံအားစနစ်ကသိရှိနိုင်မယ့် ကုတ်လိုမျိုးအရာပဲ ပါတာဖြစ်ပါတယ်။

အဲဒီကုတ်က Sars-CoV-2 ဗိုင်းရပ်ရဲ့ စပိုက်ပရိုတိန်းက ဘယ်လိုအရာဆိုတာကို ကိုယ်ခံအားစနစ်က သိရှိအောင်ပြောပြပေးတဲ့ ကုတ်သာဖြစ်ပါတယ်။ ကာကွယ်ဆေးထဲပါနိုင်တဲ့ နောက်တစ်မျိုးက စပိုက်ပရိုတိန်း အတွက်ကုတ်ပါတဲ့ ပုံစံပြောင်းဗိုင်းရပ်သာဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်ကလည်း အသက်မဝင်တော့တဲ့ ဗိုင်းရပ်သာ ဖြစ်တဲ့ အတွက် လူကိုဒုက္ခမပေးပါဘူး။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေထဲမှာ အဲဒီရောဂါကိုဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ် အစစ် အမှန်ထည့်သွင်းထားတာ မဟုတ်တဲ့အတွက် ကာကွယ်ဆေးထိုးပြီးလို့ဆေးစစ်ရင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်ဆိုတဲ့ ပေါ့စတစ်အဖြေကို တွေ့မှာမဟုတ်ပါဘူး။

ကာကွယ်ဆေးထိုးပြီးလို့ဆေးစစ်ရင် တကယ်တမ်း ပေါ့စတစ်ထွက်စေနိုင်တဲ့ဆေးစစ်မှုကတော့ ကိုယ့်မှာ Sars-CoV-2 ဗိုင်းရပ်ကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်း ရှိ၊ မရှိစစ်ဆေးခြင်းပဲဖြစ်ပါတယ်။

ကာကွယ်ဆေးတွေကိုအလောတကြီးထုတ်ထားတဲ့အတွက် စိတ်မချရဘူး

ပညာရှင်တွေဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်မျိုးရရှိဖို့အတွက် အချိန်များစွာ ရင်းနှီးပေးဆပ် ထားရပါတယ်။ သို့ပေမယ့်လည်း အရင်ဖော်စပ် ထုတ်လုပ်ခဲ့ဖူးသမျှသော ကာကွယ်ဆေးတွေနဲ့ယှဉ်ရင်တော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက အချိန်တိုအတွင်း ထွက်ပေါ်လာခဲ့တာအမှန်ပါပဲ။ ဒါကိုလည်း ပညာရှင်တွေ ကဝန်ခံထားပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေထုတ်လုပ်မှုလိုမျိုးပဲ လိုအပ်တဲ့ အဆင့် ဆင့်ကိုဖြတ်ကျော်ပြီးမှသာ သာမန်လူတွေထိုးနှံသင့်တဲ့ အခြေအနေကို ရောက်လာတာလက်တွေ့မြင်ရမှာပါ။

နိုင်ငံတစ်နိုင်ငံက ကာကွယ်ဆေးတစ်မျိုးကို သူ့နိုင်ငံအတွင်းမှာ အသုံးပြုတော့မယ်ဆိုရင် အသုံးမပြုခင် အစား အစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေနဲ့ စစ်ဆေးပါတယ်။

ကာကွယ်ဆေးတွေက ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်သူတွေအနေနဲ့ အမှန်တကယ်အသုံးပြုသင့်တဲ့၊ အသုံးပြုနိုင်တဲ့၊ အသုံးပြုရမယ့်ဆေးဖြစ်တယ်ဆိုရင် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့က နိုင်ငံအတွင်း အသုံးပြုခွင့်ပေး ပေးတာဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်မယ်ဆိုရင် သုတေသနနဲ့တိုးတက်ထုတ်လုပ်မှု၊ ဓာတ်ခွဲခန်းအတွင်းစမ်းသပ်မှု၊ လူသားများနဲ့ လက်တွေ့စမ်းသပ်မှု အဆင့်သုံးမျိုးကို မဖြစ်မနေလုပ်ရပါတယ်။

အဲဒီလိုလုပ်ထားပါတယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ကာကွယ်ဆေးထုတ်လုပ်သူတွေက သက်ဆိုင်ရာ နိုင်ငံတွေဆီပေးပို့ရပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ထုတ်လုပ်မှုက အလောတကြီး လုပ်ရတယ်ဆိုပေမယ့် မဖြစ်မနေလုပ်ရမယ့် အဆင့်တွေကို အောင်မြင်ပြီးမှသာ ပြည်သူတွေ အသုံးပြုနိုင်တဲ့ကာကွယ်ဆေးအဖြစ် ထွက်ပေါ်လာတာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ နောက် တစ်ချက်က တိုးတက်လာနေတဲ့ နည်းပညာတွေကိုလည်း မမေ့ထားသင့်ပါဘူး။

ကာကွယ်ဆေးတွေက ဒီအန် အေကိုပြောင်းစေတယ်

ဒီကောလာဟလကတော့ ဘယ်သူကစလိုက်တယ်မသိပါဘူး။ တကယ့်ကို အခြေအမြစ်ကင်းမဲ့ပြီး ယုတ္တိမတန် တဲ့ပြောဆိုချက်တစ်ခုပါပဲ။ ဒီအန်အေကိုပြောင်းလဲဖို့ဆိုရင် လူ့ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းရှိ အဏုမြူအမှုန်မျှ လောက်သာရှိသော နျူကလီးယားရဲ့ အမြှေးပါးထဲအထိ ထိုးဖောက်ဝင်ရောက်မှသာ ရပါလိမ့်မယ်။

ဒီလိုစွမ်းဆောင်ရည်မျိုးကို ဘယ်လိုကာကွယ်ဆေးကမှ မပိုင်ဆိုင်ထားပါဘူး။ ဘယ်လိုကာကွယ်ဆေးကမှ လည်း ကလာပ်စည်းမှာရှိတဲ့ ဒီအန်အေတွေအနားကို သီသီလေးတောင်ကပ်ခွင့်မရှိပါဘူး။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ဒီအန်အေကိုပြောင်းလဲစေတယ်ဆိုတာ အခြေအမြစ်ကင်းမဲ့တဲ့ ကောလာဟလ တစ်ခုမျှသာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေအားလုံးက လက်ရှိအချိန်အထိ ပညာရှင်များကမှန်ကန်တယ်လို့ ဆုံးဖြတ် ထားတဲ့ အချက်တွေဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ရောဂါအသစ်ဖြစ်တဲ့အတွက် ကာကွယ်ဆေးတွေကလည်း အသစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘာဆေးမှမထိုးဘဲ ဒီအတိုင်းနေတာထက်စာရင်  ကိုယ်ရတဲ့ကာကွယ်ဆေးတစ်မျိုးကို ထိုးထား တာက အသင့်တော်ဆုံးဖြစ်ပါတယ်။

ရောဂါအသစ်၊ ကာကွယ်ဆေးအသစ်ဖြစ်တဲ့အတွက်သူတို့ရဲ့ အကျိုးသက်ရောက်မှုတွေကလည်း အချိန်ကြာ လာတာနဲ့အမျှ ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် စာဖတ်ပရိသတ်တွေအနေနဲ့ နောက်ထပ် ထွက်ပေါ်လာနိုင်တဲ့ ဘယ်လိုကောလာဟလများကိုမှ သူများအပြောနဲ့တင်လမ်းဆုံးပြီး လွယ်လွယ်ကူကူမယုံဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေ၊  လမ်းညွှန်ချက်တွေကို  အမြဲမပြတ်စောင့်ကြပ် ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။  

ထက်မြက်