ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက အသက်  ၈၀ ကျော်သူများအတွက် အန္တရာယ်များဟု နော်ဝေ သတိပေး

 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုများ၏ ဘေးထွက်ဆိုးကျိုးများကိုလေ့လာနေစဉ်   ထိုကာကွယ်ဆေးက အသက် ၈၀ ကျော်သူများအတွက် အန္တရာယ်များကြောင်း နော်ဝေအစိုးရကသတိပေးသည်ဟုသိရသည်။

နော်ဝေနိုင်ငံရှိ လူ ၂၃ ဦးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးမကြာမီမှာပင် သေဆုံးသွားကြောင်းတာဝန်ရှိသူများကပြောသည်။ သေဆုံးသူများအနက် ၁၃ ဦးကို ရင်ခွဲစစ်ဆေးသည့် ရလဒ်အရ ကာကွယ်ဆေး၏ဖြစ်လေ့ဖြစ်ထရှိသော ဘေးထွက်ဆိုးကျိုးများကို သက်ကြီးရွယ်အိုများက ခံနိုင်ရည်မရှိသည်ကိုတွေ့ရကြောင်း နော်ဝေဆေးဝါးအေဂျင်စီကပြောသည်။

အားနည်းသောသက်ကြီးရွယ်အိုများကို အပျော့စားကာကွယ်ဆေးများထိုးနှံသော်လည်း ထိုဆေး၏ ဘေးထွက်ဆိုးကျိုးများက ၎င်းတို့တွင် ပြင်းထန်သောအခြေအနေများ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ကာကွယ်ဆေး၏ အာနိသင်သက်ရောက်မှုက  နည်းပါးနိုင် ကြောင်း နော်ဝေပြည်သူ့ကျန်းမာရေးအဖွဲ့က ပြောသည်။

ယခုသတိပေးချက်သည်     လူငယ်များ၊ ကျန်းမာရေးကောင်းသူများအနေဖြင့် ကာကွယ်ဆေးကို ရှောင်ရှားရန်မလိုကြောင်း နှင့် စောင့်ကြည့်ရန်လိုအပ်သည့်အချက်များကိုသာ သိစေလိုခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကမ္ဘာအနှံ့ဖြန့်ချိသည်နှင့်တစ်ပြိုင်နက် ထိုကာကွယ်ဆေးများ၏ ဘေးကင်းရေးကို အမြဲမပြတ်စောင့်ကြည့်ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ဥရောပ ဆေးဝါးအေဂျင်စီမှအကြီးအကဲ ဒေါက်တာ အီမာကွတ်ကီကပြောသည်။