ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပျက်စီးစေသော အမေရိကန်ဆေးဝါးပညာရှင် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရ

ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်ဆေးဝါး ကျွမ်းကျင်ပညာရှင်တစ်ဦးသည် မိုဒါနာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံး ရာပေါင်းများစွာကို ပျက်စီးစေမှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရကြောင်း  တရားရေးဌာနက ဇွန် ၈ ရက်တွင် ပြောသည်။

ထိုကာကွယ်ဆေးများကို အသုံးမပြုမီ ရေခဲသေတ္တာထဲ၌  တိကျသောအပူချိန်ဖြင့် သိုလှောင်ထားရမည်ဖြစ်သော်လည်း အသက် ၄၆ နှစ်ရှိ စတီဗင်အာဘရန်းဒင်ဘာ့အမည်ရှိ အဆိုပါဆေးဝါးပညာရှင်က ကာကွယ်ဆေးပုလင်းများကို ရေခဲသေတ္တာထဲမှ တမင်ထုတ် ထားကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါဆေးဝါးပညာရှင်သည် ၎င်းအလုပ်လုပ်ခဲ့သောဝစ္စကွန်ဆင်ဆေးရုံသို့ လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈၃၈၀၀ ပေးဆောင်ရမည်ဟု တရားရုံးက အမိန့်ချထားသည်။

အဆိုပါဆေးဝါးပညာရှင်သည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလ ညဆိုင်းဆင်းရသည့်နှစ်ညတွင် ကာကွယ်ဆေးပုလင်းများကို ရေခဲ သေတ္တာထဲမှထုတ်၍ ပြင်ပ၌နာရီပေါင်းများစွာကြာထားကာ နောက်တစ်နေ့တွင်  ကာကွယ်ဆေးထိုးခံယူမည့်သူများကို ထိုးပေးရန် ရေခဲသေတ္တာထဲပြန်ထည့်ခြင်း ဖြစ်သည်။ လူပေါင်း ၅၇ ဦးအနေဖြင့် ထိုဆေးပုလင်းများမှ ဆေးများဖြင့်  ကာကွယ်ဆေးထိုးမှု ခံယူခဲ့ရကြောင်း တရားရေးဌာနက ထုတ်ပြန်သည်။

နိုင်ငံတော်အဆင့်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်နေချိန်တွင် ကာကွယ်ဆေးများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း သည်  ကြီးလေးသောပြစ်မှုဖြစ်ကြောင်း လက်ထောက်ရှေ့နေချုပ်က ပြောထားသည်။

Ref: TST