ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက်ဆေးထိုးအပ်များ တိုးမြှင့်ထုတ်လုပ်တင်ပို့ရန် တောင်ကိုရီးယား စဉ်းစား

ဆိုး၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရာတွင်အသုံးပြုရသော ဆေးထိုးအပ်များတိုးမြှင့်ထုတ်လုပ်ရန်နှင့် တင်ပို့ရန်  တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း အစားအစာနှင့်ဆေးဝါးကွပ်ကဲမှုဝန်ကြီး ဌာနကပြောသည်။ အဆိုပါဝန်ကြီးဌာနမှဝန်ကြီး ကင်ဂန်လစ်သည် ဆိုးမြို့တောင်ဘက်ရှိ ဆေးထိုးအပ်ထုတ်လုပ်သော   ရှီနာကော်ပိုရေးရှင်းသို့ သွားရောက်ပြီး ထိုခရီးစဉ်မတိုင်မီက အစိုးရအရာရှိများနှင့် ဆေးထိုးအပ် ထုတ်လုပ်သည့်ကုမ္ပဏီများဆွေးနွေးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီများအနေဖြင့် ဆေးထိုးအပ်များတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အစိုးရက ထိုကုမ္ပဏီများ ကို    ငွေကြေး ထောက်ပံ့မှုများအပြင် ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် လိုအပ်သောစာရွက် စာတမ်းများနှင့်    ခွင့်ပြုမိန့်များကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်း ကင်ဂန်လစ်ကပြောသည်။ အစိုးရနှင့်ဆွေးနွေးသည့် ဆေးထိုးအပ်ထုတ်လုပ်ရေးကုမ္ပဏီများတွင် ပြီးခဲ့သည့်နှစ်အတွင်း ဆေးထိုးအပ် ၄၀ ဒသမ ၃ သန်းထုတ်လုပ်ခဲ့သော Doowon Meditec ကုမ္ပဏီနှင့် တစ်လလျှင်   ဆေးထိုးအပ် ၁၀ သန်းထုတ်လုပ်ရန်ပြင်ဆင်နေသည့် Poonglim Pharmatech ကုမ္ပဏီတို့ပါဝင်သည်။