ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးပေးနိုင်မယ့် သူမတူတဲ့ နှာခေါင်းစည်း

ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးပေးနိုင်မယ့် သူမတူတဲ့ နှာခေါင်းစည်း

ကျွန်တော်တို့ အားလုံးအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ ကာလတစ်လျှောက်လုံးမှာ မလွဲမသွေအသုံးပြုခဲ့ရတဲ့ ပစ္စည်း တစ်မျိုးရှိပါတယ်။ အဲ့ဒါကတော့ နှာခေါင်းစည်းပါ။

နှာခေါင်းစည်းကိုအသုံးပြုရခြင်း ရည်ရွယ်ချက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ သက်သက်သာဖြစ်ပြီး ဒီထက်ပို အသုံးဝင်မယ့်   နည်းလမ်းကို တော်ရုံလူဘယ်သူကမှ မစဉ်းစားမိခဲ့ကြပါဘူး။

အခုတော့ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်နဲ့   ဟားဗတ် တက္ကသိုလ်တို့မှ သိပ္ပံအင်ဂျင်နီယာ ပညာရှင်များက  သူမတူတဲ့ နှာခေါင်းစည်းတစ်မျိုးကို ဖန်တီးပြလိုက်ပါပြီ။

အဲဒီနှာခေါင်းစည်းက တခြားနှာခေါင်းစည်းတွေနဲ့ မတူရတဲ့အကြောင်းကတော့ သူဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုကနေ ကာကွယ်ဖို့အတွက်သာမကဘဲ အသုံးပြုသူမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိနေလားဆိုတာကိုပါ ဖော်ပြပေးနိုင်လို့ဖြစ်ပါတယ်။

ဒီလိုနှာခေါင်းစည်းအတွက် အင်ဂျင်နီယာပညာရှင်တွေ အသုံးပြုတဲ့ နည်းပညာမှာ အလွန်သေးငယ်တဲ့ တစ်ခါသုံးအာရုံခံ ကိရိယာတွေ ပါဝင်ပါတယ်။

အေးခဲအခြောက်ခံ နည်းပညာကို အခြေခံ အသုံးပြုဖန်တီးထားတဲ့ အဲဒီအာရုံခံ ကိရိယာတွေကို ယခင်က အီဘိုလာနဲ့ဇီကာလိုမျိုး ရောဂါပိုးတွေကို  စစ်ဆေးနိုင်ဖို့ အတွက် စက္ကူတွေမှာ ထည့်သွင်းအသုံးပြုဖို့ ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့အလုပ်လုပ်ပုံက ရိုးရှင်းပြီး လွယ်ကူပါတယ်။ နှာခေါင်းစည်း တပ်ဆင်သူအနေနဲ့ ကိုယ့်မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးဖို့ အသင့်ဖြစ်ပြီဆိုရင် သူ့အနေနဲ့ အာရုံခံကိရိယာကို အသက်သွင်းလိုက်ရုံပါပဲ။

အသက်သွင်းတဲ့နည်းကလည်း တခြား မဟုတ်ပါဘူး။ သူ့ကိုအေးခဲပြီး အခြောက်ခံထားတာဖြစ်တဲ့အတွက် ရေလေးနည်းနည်း စွတ်ပေးလိုက်ရုံနဲ့ အသက်ဝင်သွားမှာပါ။

ပြီးတဲ့အခါမှာ  အာရုံခံ ကိရိယာက သူ့ဘာသာသူ အလိုအလျောက် အလုပ်ဆက်လုပ် သွားမှာဖြစ်ပြီး မိနစ် ၉ဝ အတွင်းမှာ အဖြေကို ထုတ်ပေးပါလိမ့်မယ်။

အဖြေကိုထုတ်ပေးတဲ့ နေရာမှာလည်း နှာခေါင်းစည်းတပ်ဆင်သူရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုကို တန်ဖိုးထားတဲ့ အနေနဲ့ နှာခေါင်းစည်းအတွင်းမှာသာ အဖြေကိုဖော်ပြပေးမှာပါ။

ကိုယ်ကလွဲပြီး   တခြားဘယ်သူမှ မသိနိုင်ပါဘူး။

အဖြေအတွက် တိကျမှုစံနှုန်းမှာဆိုရင်လည်း တကယ့်ကို စံချိန်မီ စစ်ဆေးမှုဖြစ်တဲ့ PCR စနစ်နဲ့စစ်ဆေးမှုလိုမျိုးပဲ တိကျမှုရှိတယ်လို့ သိပ္ပံပညာရှင်များက အာမခံထားပါသေးတယ်။

ဒါ့အပြင် အဲဒီအာရုံခံ ကိရိယာကို ဓာတ်ခွဲခန်းသုံး ဝတ်စုံများကဲ့သို့ အဝတ်အစားတွေမှာတပ်ဆင်နိုင်ဖို့အတွက်   ချိန်ညှိမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပြီး    ကိုဗစ်-၁၉ ရောဂါပိုးကိုသာမကဘဲ   တခြားရောဂါပိုးတွေကို စစ်ဆေးနိုင်ဖို့အတွက်လည်း အသုံးပြုနိုင်ဦးမှာပါ။

အခုသိပ္ပံပညာရှင်တွေဟာ  သူတို့ရဲ့ နည်းပညာကို မူပိုင်ခွင့် မှတ်ပုံတင်ထားပြီးပါပြီ။ အရေအတွက်အမြောက်အမြားထုတ် လုပ်နိုင်ဖို့အတွက်  ပြင်ပက ကုမ္ပဏီတွေနဲ့ ချိတ်ဆက်နိုင်ဖို့   ကြိုးပမ်းနေကြောင်း သိရပါတယ်။