ကိုဗစ်-၁၉ ရောဂါကြောင့်ထိခိုက်ရမှုများကို အသုံးစရိတ်တိုးမြှင့်ထောက်ပံ့ပေးမည်ဟု အင်ဒိုနီးရှားသမ္မတကတိပြု

ဂျကာတာ၊ ကျန်းမာရေး

အင်ဒိုနီးရှားအစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ကျဆင်းခဲ့ရသည့် လူမှုစီးပွားရေးပြန်လည်နာလန်ထူမှုအတွက်   လာမည့်နှစ်တွင် အသုံးစရိတ်တိုးမြှင့် ထောက်ပံ့ပေးနိုင်ရေး မူဝါဒများကို ဆက်လက်ချမှတ်မည်ဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက သြဂုတ် ၁၆ ရက်တွင် ကတိပြုသည်။

သို့သော်  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုကြာမြင့်နေသည့်အတွက်  ကြီးမားသောမသေချာမရေရာမှုများ ဆက်လက်ရှည်ကြာနေမည်ဟု ၎င်းကသတိပေးသည်။ အစိုးရအနေဖြင့်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို ဆက်လက်ကြိုးပမ်းနေသည့်အတွက် လာမည့်နှစ်တွင် ကျန်းမာရေး ကဏ္ဍသည် အဓိကဦးစားပေးအဖြစ် ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း ဂျိုကိုဝီဒိုဒိုက ၂၀၂၂ ခုနှစ် နိုင်ငံတော် အသုံးစရိတ်ဆိုင်ရာ မိန့်ခွန်းတွင် ပြောသည်။

လာမည့်နှစ်၏ အသုံးစရိတ်အစီအစဉ်တွင် မမျှတမှုလျှော့ချရေးအစီအစဉ်များအပါအဝင် ဆင်းရဲသူများနှင့် ခုခံအားနည်းသူများ အတွက်  လူမှုဖူလုံရေးအစီအစဉ်များပါဝင်လာမည်ဖြစ်ပြီး ရူပီးယား ၂၇၀၈ ဒသမ ၇ ထရီလီယံသုံးစွဲရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါအသုံးစရိတ်အနက် ၉ ဒသမ ၄ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါနှင့် အခြားကျန်းမာရေးနှင့်ဆက်စပ်သော ကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းရာတွင် အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည်  လာမည့်နှစ်တွင် ၅ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၅ ရာခိုင်နှုန်းကြား တိုးတက်မည်ဟု မျှော်မှန်းထားသည်။

၎င်းတို့အနေဖြင့် စီးပွားရေးတိုးတက်ရန် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သော ၅ ဒသမ ၅ ရာခိုင်နှုန်းရရှိရန် အဓိကကြိုးပမ်းသွား မည်ဖြစ်ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါသည် အလွန်ပြောင်းလဲစေနိုင်သောအင်အားဖြစ်သည့်အတွက် သတိရှိရန်လိုအပ် ကြောင်း  ဂျိုကိုဝီဒိုဒိုက သတိပေး ပြောထားသည်ဟု သိရသည်။

Ref: TST