ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်နိုင်တဲ့ ခြေလက်ပုပ်ရောဂါ

ချောင်းခြောက်ဆိုးခြင်းမှသည်  အနံ့အရသာပျောက်သည်အထိ ရောဂါလက္ခဏာတွေကိုဖြစ်စေနိုင်တဲ့ ကိုဗစ်-၁၉ ရောဂါဟာ တကယ့်ကို  စိတ်မချမ်းမြေ့ဖွယ်ရာရောဂါပါပဲ။

အထက်ပါရောဂါလက္ခဏာတွေကတော့ လူအများစုသိကြတဲ့ ရောဂါလက္ခဏာတွေပါ။ ဒါပေမဲ့ သုတေသန တစ်ခုရဲ့ အခုထုတ်ပြန်ချက်အရဆိုရင် တချို့လူနာတွေဟာ အဲဒီရောဂါလက္ခဏာတွေအပြင် တခြားရောဂါ လက္ခဏာတွေကိုပါ ခံစားရတယ်လို့ဆိုလာပါတယ်။ အဲဒီရောဂါလက္ခဏာကတော့ ခန္ဓာကိုယ်တစ်သျှူးများကို ပုပ်ပွပျက်စီးစေခြင်းပါပဲ။

ခန္ဓာကိုယ်တစ်သျှူးများ ပုပ်ပွပျက်စီးခြင်းတစ်နည်းအားဖြင့် ခြေလက်ပုပ်ခြင်းဆိုတာက အလွန်ဆိုးဝါးတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကသွေးလှည့်ပတ် စီးဆင်းမှုနည်းသွားတဲ့အတွက် တစ်သျှူးတွေက သေဆုံး သွားရတာကိုခေါ်တာဖြစ်ပါတယ်။

အဲဒီအခြေအနေက ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် ပုံမှန်အားဖြင့် စတင်ဖြစ်ပွားတဲ့နေရာ တွေကတော့ ခြေထိပ်၊ လက်ထိပ်တွေမှာဖြစ်ပါတယ်။ ခြေလက်ပုပ်ခြင်းကိုဖြစ်စေတာကတော့ သွေးလှည့်ပတ် စီးဆင်းမှုအပေါ်သက်ရောက်မှုရှိတဲ့  ဒဏ်ရာရရှိမှု၊ ရောဂါပိုးကူးစက်မှု ဒါမှမဟုတ် နာတာရှည် အခြေအနေ တစ်ခုခုကြောင့်ဖြစ်ပါတယ်။

ဒီလိုမျိုးခြေလက်ပုပ်ပြီဆိုရင် ဖြစ်တဲ့နေရာမှာ အရေပြားတွေနီမြန်းလာမယ်၊ ဖောရောင်လာပါမယ်။ အဲဒီ နေရာကို ထိရင်ထိမှန်းမသိတော့ပါဘူး။အလွန်အမင်း နာကျင်မှုကိုခံစားရမယ်။ အဲဒီနေရာမှာ အနာ ဒါမှမဟုတ် အရည်ကြည်ဖုတွေဖြစ်လာမယ်။ ပြီးတော့ အနံအသက်မကောင်းတဲ့ ပြည်တွေထွက်လာမယ်။ ဒါတွေကတော့ ခြေလက်ပုပ်ခြင်းရဲ့ ရောဂါလက္ခဏာတွေပါ။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေဟာ  အသက်မသေရင်တောင်မှ ရေရှည်မှာ အဆစ်ရောင်နာ အပါအဝင် ကြွက်သားနဲ့အဆစ်အမျက်ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့သုတေသီတွေက ဆိုထားပါတယ်။ သုတေသီတွေဟာ ဒီလိုမျိုးရောဂါလက္ခဏာ ခံစားနေရသူတွေကို MRI ဓာတ်မှန်ရိုက်ပြီးလေ့လာသုံးသပ်ရာမှ ကိုဗစ်-၁၉ ရောဂါနဲ့ဆက်စပ်မှုကြောင့်ဆိုတာကို တွေ့ရခြင်းဖြစ်ပါတယ်။

ဘယ်လိုဆက်စပ်လဲဆိုတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရချိန်မှာ ရောဂါကူးစက်ခံရသူဆီကနေထွက်တဲ့   ကိုယ်ခံအားက သူ့အချင်းချင်းကိုပြန်တိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့  သုတေသီတွေက ပြောထားပါတယ်။

အီတလီနိုင်ငံမှာ အမျိုးသမီးတစ်ဦးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးမှ လက်သုံးချောင်းကိုဖြတ်လိုက်ရတဲ့ အတွက် အခုလိုမျိုး လေ့လာဆန်းစစ်မှုတွေကို လုပ်တာလည်းဖြစ်ပါတယ်။ ဆေးပညာဂျာနယ် တစ်ခုမှာ ဖော်ပြထားတဲ့ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ အီတလီအမျိုးသမီးတစ်ဦးရဲ့လက်တွေဟာ အမည်းရောင်ကိုပြောင်း လဲနေတာတွေ့ရပါတယ်။

သူ့အနေနဲ့ သွေးကြောပိတ်တာမျိုးကို ခံစားနေရဖွယ်ရှိပြီး ဒီလိုသွေးကြောပိတ်ခြင်းကြောင့် သူ့ရဲ့လက်တွေ ဆီကိုသွေးမရောက်တော့တဲ့အတွက် လက်ထိပ်တွေက အမည်းရောင်အဖြစ်ပြောင်းလဲပြီး ဖြတ်ပစ်လိုက်ရ တဲ့အခြေအနေဖြစ်သွားပါတယ်။

အဲဒီအမျိုးသမီးဟာ ၂၀၂၀ ပြည့်နှစ်မတ်လမှာ သူ့ရဲ့နှလုံးဆီကိုသွေးပို့မှုနည်းနေတာတွေ့ရတဲ့အတွက် ဆေးရုံ လာတက်ပါတယ်။ ဒီလိုဆေးရုံတက်ချိန်မှာ ဆရာဝန်တွေက အာခေါင်နှာခေါင်းတို့ဖတ်ရယူပြီးစစ်ဆေး လိုက်တဲ့အခါ ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါပေမဲ့လည်း အဲဒီအမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အနံ့အရသာ ပျောက်ခြင်းကဲ့သို့ ဘယ်လိုရောဂါလက္ခဏာမှမတွေ့ရပါဘူး။ နောက်တစ်လကြာတဲ့အခါ အဲဒီအမျိုးသမီးဟာ   ဆေးရုံကိုပြန်လာရပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့လက်ညှိုး၊ လက်သူကြွယ်နဲ့လက်သန်းတို့ဟာ အမည်းရောင်ပြောင်းသွားတဲ့အတွက်ပါ။

ဒီတစ်ကြိမ်မှာတော့ ဆရာဝန်များက အဲဒီအမျိုးသမီးရဲ့ပုပ်နေပြီဖြစ်တဲ့ လက်ချောင်းတွေကိုဖြတ်လိုက်ရပါ တယ်။ ဒီဖြစ်စဉ်ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်ရဲ့ အလွန်ဆိုးဝါးတဲ့ သရုပ်ဖော်ပြသချက်ဖြစ်တယ်လို့ ဆရာဝန်တွေ ကပြောပါတယ်။

တခြား  ကိုဗစ်-၁၉  ရောဂါဖြစ်ပွားသူတွေကလည်း အခုလိုမျိုးခြေချောင်းလက်ချောင်းတွေဖြတ်ပြီး    ကုသမှုခံ ယူရမယ့် အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ အရင်တုန်းက လုပ်တဲ့သုတေသနတွေအရ ကိုဗစ်-၁၉ ရောဂါဟာ အဆစ်အမျက်နဲ့ ကြွက်သားတွေနာကျင်တာလောက်ကိုပဲဖြစ်စေတယ်လို့ တွေ့ရှိထားတာပါ။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါက အခုလိုမျိုး ခြေလက်တွေပုပ်ပွတဲ့အထိဖြစ်လာစေနိုင်တယ်လို့ထုတ်ပြန်တာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ အခုလိုတွေ့ရှိချက် ထွက်ပေါ်လာစေမယ့်သုတေသနကို လုပ်သူတွေကတော့ အမေရိကန်နိုင်ငံ   အနောက်မြောက်ပိုင်း တက္ကသိုလ်မှ ဒေါက်တာဆွာတီဒက်ရှမွတ် ဦးဆောင်တဲ့အဖွဲ့ပါ။

သူတို့အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ခြေလက်ပုပ်ပွတာမျိုးနဲ့ နာတာရှည်အဆစ် အမျက်ကြွက်သား နာကျင်ရခြင်းအကြောင်းရင်းကိုရှာဖွေဖို့  MRI ဓာတ်မှန်၊  CT ဓာတ်မှန်၊ အာထရာဆောင်းစတဲ့ အမျိုးမျိုးသော ပုံရိပ်ဖော်နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။

ဒီလိုနည်းလမ်းတွေကို အသုံးပြုချက်အရတွေ့ရှိတာကတော့ ကိုဗစ်-၁၉ ရောဂါကြောင့်ထွက်လာတဲ့ ကိုယ်ခံ အားသည် တခြားနည်းနဲ့ ခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်တာကြောင့် ကျန်ရှိနေတဲ့ဘဝတစ်သက်တာ လုံးရင်ဆိုင်သွားရမယ့် လေးဖက်နာ ရောဂါမျိုးအခြေအနေကိုဖြစ်ပေါ်စေတယ် ဆိုတာပါပဲ။

ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်တဲ့ အဆစ်အမျက်ကြွက်သားနာကျင်တဲ့ ဝေဒနာခံစားရသူအများအပြားဟာ ပြန်လည်သက်သာသွားပေမယ့် တချို့လူများကျတော့သူတို့ရဲ့ ရောဂါလက္ခဏာပိုဆိုးလာတာကို  တွေ့ရပါ တယ်။

ဒီလိုဖြစ်လာတာဟာ သူတို့အတွက်တော့ ဘဝတစ်သက်တာလုံး ခံစားသွားရမယ့်ဝေဒနာဖြစ်စေပြီး ဆေးဝါး ကုသမှုကိုလည်း တစ်သက်လုံးခံယူသွားရမယ့်  အခြေအနေဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

အခုလိုမျိုး  အဆစ်အမျက်ကြွက်သား နာကျင်တာ၊  ခြေလက်ပုပ်တာတွေဟာ ကိုဗစ်-၁၉ ရောဂါကြောင့် တိုက်ရိုက်ဖြစ်တဲ့ ရောဂါမဟုတ်ပါဘူး။ ဒါကြောင့် သုတေသီတွေဟာ ကိုဗစ်-၁၉ရောဂါကိုဖြစ်စေတဲ့ ဗိုင်းရပ်က ဘယ်အရာအပေါ် တိုက်ရိုက်သက်ရောက်စေတဲ့အတွက် အခုလိုမျိုး ခြေလက်ပုပ်တာတွေကိုဖြစ်စေ တာလဲ ဆိုတာ   ဆက်လက်စူးစမ်းရှာဖွေနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့သုတေသီတချို့ရဲ့လေ့လာချက်အရဆိုရင် သုံးလတစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့  ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူ ၁၁၀ အနက် ၃၉ ရာခိုင်နှုန်းက အလွန်အမင်းမောပန်းတာ၊ နောက်ထပ် ၃၉ ရာခိုင် နှုန်းက အသက်ရှူမဝတာ၊ ၂၄ ရာခိုင်နှုန်းကအိပ်မပျော်တာ၊ ၂၃ ရာခိုင်နှုန်းက ကြွက်သားတွေနာကျင်တာ၊ ၁၃ ရာခိုင်နှုန်းက ရင်ဘတ်အောင့်တာ၊  ၁၂ ရာခိုင်နှုန်းက ချောင်းဆိုးတာ၊ နောက်ထပ် ၁၂ ရာခိုင်နှုန်းက အနံ့ ပျောက်တာ၊ ၁၀ ရာခိုင်နှုန်းအောက်က ခေါင်းကိုက်၊ ဖျားနာ၊ အဆစ်အမျက်ကိုက်ခဲ၊ ဝမ်းလျှောခြင်း တို့ဖြစ်လေ့ရှိတာတွေ့ထားရကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: Mail Online

ထက်မြတ်