ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် သြဂုတ် ၁၀

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။

ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါအထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိနေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၉၉ ဦးနှင့် အမျိုးသမီး ၁၈၁ ဦးစုစုပေါင်း ၃၈၀ ဦးအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား၉ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား ၂၈၅ ဦးနှင့် အမျိုးသမီး ၂၃၄ ဦးစုစုပေါင်း ၅၁၉ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၉၉ ဦးနှင့် အမျိုးသမီး ၅၇ ဦး၊ စုစုပေါင်း ၁၅၆ ဦးအားလည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်တွင်ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါကြပ်မတ် ကုသရေးစင်တာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊မိသားစုများမှ စုပေါင်းလှူဒါန်းသည့် ၄၀လီတာ အောက်ဆီဂျင် အိုး ၅၀ လုံး၊ PPE Level 2 ၂၀၀ စုံ၊ Face Shield ၁၅၀ ခု၊အောက်ဆီဂျင်အိုးတင်လှည်း ၄ စီးနှင့်ပိုးသတ်ဆေးရည် ၂ ပုံးတို့အား ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းရာ အဆိုပါ စင်တာမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)