ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ်- ၃

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။ 
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၄၄ ဦးနှင့် အမျိုးသမီး ၁၃၆ ဦး စုစုပေါင်း ၂၈၀ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၁၇ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၇၆ ဦးနှင့် အမျိုးသမီး ၂၄၂ ဦး စုစုပေါင်း ၅၁၈ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၇၇ ဦး နှင့် အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၁၂၃ ဦး အား လည်း ကောင်း အသီးသီးလက်ခံထားရှိ ကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တိုင်းမှူးများ၊ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက် လာမည့် မြန်မာနိုင်ငံသားများအတွက် Quarantine Center ပြင်ဆင်ထားရှိမှု အခြေ အနေများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော တပ်မတော် သားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များအတွက် အလှူရှင်များက လှူဒါန်းသည့် Mask များနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။