ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ်- ၆

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၇၁ ဦးနှင့် အမျိုးသမီး ၁၇၆ ဦး စုစုပေါင်း ၃၄၇ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၉၂ ဦးနှင့် အမျိုးသမီး ၂၅၀ ဦး စုစုပေါင်း ၅၄၂ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၉၂ ဦး နှင့် အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၁၄၄ ဦးအား လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့ သံဃာတော် ၄၀ ပါး တက်ရောက်ကုသလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သီရိ မင်္ဂလာမဟာသာသနာ့ဗိမာန်တော်နှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ ထားရှိသည့် ကုသရေးစင်တာများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုပြီးလိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့ ရဟန်း၊ သံဃာတော်များကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓ သာသနာ့သံဃာ့ ဆေးရုံတွင် ဇူလိုင် ၂၆ ရက်နေ့မှစ၍ ကုသပေးလျက်ရှိရာ ယနေ့အချိန်ထိ ၁၄ ပါး တက်ရောက် ကုသခဲ့ပြီး ၂ ပါးပြန်လည်ကောင်းမွန်ခဲ့သည်။ ကျန်းမာရေးစောင့် ရှောက်မှုအနေဖြင့် ဆရာဝန် ၆ ဦး၊ သူနာပြု ၄ ဦး၊ ကျန်းမာရေးဝန်ထမ်း ၃ ဦး၊ ပရဟိတ စေတနာ့ဝန်ထမ်း ၆ ဦး၊ ပစ္ဆာသမကာ ၂၄ ဦး၊ စုစုပေါင်း ၄၃ ဦးဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပြီး နံနက်၊ နေ့လယ်၊ ညနေဖြည့်စွက် အာဟာရများဖြင့် နေ့စဉ်ကုသိုလ်ပြုပေးလျက်ရှိရာ စေတနာရှင် ကုသိုလ်ရှင်များအနေဖြင့် ရဟန်း၊ သံဃာတော်တစ်ပါး(အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအချိုရည်) အတွက် ခုနှစ်ထောင် ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများ ကိုလည်းကောင်း ပါဝင်လှူဒါန်းနိုင်ကြောင်း နှင့် ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကိုလည်း လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။