ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ ဇူလိုင် - ၂၆

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အလှူငွေ များပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၁၉ ဦးနှင့် အမျိုးသမီး ၉၀ ဦး စုစုပေါင်း ၂၀၉ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၀ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၇၁ ဦးနှင့် အမျိုးသမီး ၁၆၀ ဦး စုစုပေါင်း ၃၃၁ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၄၉ ဦး နှင့် အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၇၁ ဦးအား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ နယ်မြေခံသင်တန်းကျောင်းနှင့် တပ်နယ်အားကစားခန်းမတို့၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၃၂ ဦးအား လည်းကောင်း အသီးသီးလက်ခံထားရှိ ကြောင်း သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လောင်းတော်ဦး ကိုဗစ်စင်တာ၌ ထားရှိကုသရန် ကျိုက္ကလော့သာသနာ့ဗိမာန်တော်၌ ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲနမူနာစမ်းသပ်စစ်ဆေးပေးမည့် Test Center ဖွင့်လှစ်၍ တပ်မတော် ဆေးအဖွဲ့များက သံသယလူနာများအား စစ်ဆေးပေးနေမှုများကို ယနေ့နေ့လယ် ပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ကိုဗစ်ကုသရေး စင်တာအား ယနေ့တွင်ဖွင့်လှစ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါကိုဗစ်ကုသရေးစင်တာ၌ လူနာဆောင်များပြင်ဆင်ထားရှိမှု၊ အောင်ဆီဂျင် Plant များတပ်ဆင်ထားရှိမှု၊ ရေချိုးခန်းများ၊ CCTV Control Room ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များထားရှိရန် စသည့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် သည်။ ဆက်လက်ပြီး တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ကုသရေးစင်တာ ပြုလုပ် မည့်(ခုတင်-၃၀၀)ဆံ့ သင်ကြားရေးဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။