ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ကိုဗစ်စင်တာများ၌ စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။

  ထိုသို့ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၄၁ ဦးနှင့် အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၇၄ ဦးအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၆ ဦး အားလည်းကောင်း အသီးသီး လက်ခံ ထားရှိကြောင်း သိရှိရသည်။

  အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

  ထို့အပြင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သီးသန့် စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။