ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် အာဆီယံနိုင်ငံ များ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် အာဆီယံနိုင်ငံ များ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဇူလိုင်- ၂၇
    

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ များတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
    အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
  

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာတွင် အာဆီယံနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ဆောင် ချက်များသည် နိုင်ငံကို ကိုယ်စားပြုခြင်းပင်ဖြစ်ကြောင်း၊ အာဆီယံ တွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ရံပုံငွေထူထောင်ထားရှိပြီး မိမိတို့နိုင်ငံမှလည်း ထည့်ဝင်လှူဒါန်းထား လျက်ရှိကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှုများ၊ မိမိတို့နိုင်ငံသို့ ကူညီထောက်ပံ့မှုများ လုပ်ဆောင်လာမည့် အခြေ အနေများနှင့်ပတ်သက်၍ လုပ်ဆောင်ရန်ရှိသည်များကို မြန်ဆန်စွာ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ International community၊ Asean community တို့နှင့် လက်တွဲပူးပေါင်း လုပ်ဆောင် ရာတွင် အချိန်နှင့်တပြေးညီ ဆုံးဖြတ်ရန် လိုအပ်သည် များကို မတုံ့ဆိုင်းစေလိုပဲ မြန်ဆန်စွာ လုပ်ဆောင်ကြစေလိုကြောင်း။
  

 ကာကွယ်ဆေးထိုးနှံပြီးစီးမှု တိုးတက်မှုရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်ပ နိုင်ငံများမှ မှာယူတင်သွင်းထားသည့်၊ လှူဒါန်းရရှိထားသည့် ကာကွယ် ဆေးများကို အမြန်ဆုံးရောက်ရှိပြီး ဆောလျင်စွာ ထိုးနှံနိုင်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များ၊ လိုအပ်သည့် ဆေးဝါးအထောက်အကူပြုပစ္စည်းများ အမြန်ဆုံး ရောက်ရှိနိုင်ရေးကို လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တာဝန်ရှိသူများက အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
    

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံ များ၊ WHO တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေးများ ရောက်ရှိလာမှုနှင့် ထပ်မံရရှိနိုင်ရေး ဝန်ကြီးဌာနအလိုက်ချိတ်ဆက်လုပ်ဆောင်နေသည့် အခြေအနေများ၊ ရောက်ရှိလာသည့် ကာကွယ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို နိုင်ငံ တစ်ဝန်းသို့ ဖြန့်ဝေလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဆောင်ရွက်နေ သည့် အခြေအနေများ၊ ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များကို နေ့စဉ်ပေးပို့၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးထုတ် လုပ်နိုင်ရေး အခြားနိုင်ငံများမှလည်း ကမ်းလှမ်းထားရှိပြီး လိုအပ်သည်များ စမ်းသပ် နိုင်ရေး နမူနာပုံစံများ မှာယူထားရှိသည့်အခြေအနေများနှင့် ဆက်လက် လုပ်ဆောင် သွားမည့် အခြေအနေများ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ၊ ထောက်ပံ့ ကူညီမည့် အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အခြေအနေများ၊ ကာကွယ်ဆေးများကို ပုဂ္ဂလိကအနေဖြင့် တင်သွင်းပြီး ထိုးနှံနိုင်ရေး လုပ်ဆောင်နိုင် မည့်အခြေအနေများနှင့် ပတ်သက်၍ လုပ်ဆောင်နေမှုအခြေအနေများနှင့် ဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လိုအပ်သည်များဖြည့်စွက်ဆွေးနွေး သည်။
    

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ရောဂါကူးစက်ဖြစ်ပွားမှုသည် နိုင်ငံတကာတွင် ဆက်လက်ဖြစ်ပေါ် လျက်ရှိပြီး ထိန်းချုပ်နိုင်ရေးအတွက်လုပ်ဆောင်ရာတွင် ပြည်တွင်း၌ လုပ်ဆောင်မှုများ သာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အမြန်ဆုံး ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကိုယ်စီအခက်အခဲများ ကြုံတွေ့ရ လျက်ရှိပြီး အာဆီယံရံပုံငွေမှ ဆောင်ရွက်ပေးသည်များ၊ ရသင့်ရထိုက်သည့် အခွင့် အရေးများ ရရှိနိုင်ရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျန်းမာရေးထက် အရေးကြီးသည်မှာ မရှိသည့်အတွက် လုပ်ဆောင်ပေးနိုင်သည် မှန်သမျှကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် ယခင်ကတည်းကပင်ပြောကြားခဲ့ပြီး ပြည်သူတို့၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးများကို အစဉ်တစိုက်လုပ်ဆောင် ပေးခဲ့ ကြောင်း၊ ထို့ပြင် ဆေးရုံတက်လူနာများအနေဖြင့် အာဟာရပြည့်ဝနေရန်အရေးကြီး သဖြင့် ကြက်ဥ၊ ငှက်ပျောသီးနှင့် အခြားအာဟာရပြည့် ဖြည့်စွက်စာများကို နီးစပ်ရာ တပ်စခန်းများ မှတဆင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်လှူဒါန်းစေလျက် ရှိကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်လာပါက မှန်မှန်ကန်ကန်လုပ်ဆောင်ပေးရန် အရေးကြီးပြီး ကိုယ်ကျိုး စီးပွားအတွက် လုပ်ဆောင်ခြင်း မဖြစ်စေလိုဘဲ တိုင်းပြည်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ မည်သို့သော အခြေအနေပင်ဖြစ်စေ တိုင်းပြည်နှင့် ပြည်သူလူထုကျန်းမာရေး ကောင်းမွန်စေရေး အတွက် လုပ်ဆောင်ပေးနိုင်သည်မှန်သမျှကို ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာနှင့်ဆက်သွယ် ဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်စွာ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။