ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

နေပြည်တော်၊ ဩဂုတ် - ၁၅

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းသဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ချက်ချင်းတုံ့ပြန်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဒေးဒရဲမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့၌ ယနေ့တွင် မီးသတ်တပ်ဖွဲ့ဝင် များက သဘာဝဘေးကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။