ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ် - ၃၀

          ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်း ဖြစ်ပေါ်လာပြီး ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာသည့်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိမိကိုယ်တိုင်ဦးဆောင်၍ အစည်းအဝေးများပြုလုပ်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားလုံး တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၃ ရက်တွင် ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း ကူးစက်မှုရှိခဲ့ပြီး ဇူလိုင်လ ၂၅ ရက်တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်းအထိ ကူးစက် မှုရှိခဲ့ကြောင်း၊ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ဩဂုတ်လအတွင်း ရောဂါကူးစက် မှုရာခိုင်နှုန်း ထက်ဝက်အထိကျဆင်းစေရန်အတွက် ပထမအဆင့် ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုလ ၂၉ ရက်တွင် လူဦးရေ ၂၉၁၂၇ ဦးအား စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရသည့် အတွက် မိမိတို့မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့ကူးစက်မှုနှုန်းများ ကျဆင်းရခြင်းသည် ပြည်သူ များ၏ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများ၏ ညီညီညာညာဖြင့် တက်ညီလက်ညီ ဆောင်ရွက်ပေးမှုများကြောင့် ဖြစ်ကြောင်း။

          ရောဂါကူးစက်မှုနှုန်း မြင့်မားခဲ့ချိန်တွင် အောက်ဆီဂျင်လိုအပ်မှုများဖြစ်ပေါ်ခဲ့ သော်လည်း တစ်ဦးချင်းအလှူရှင်များ၊ အဖွဲ့အစည်းများအလိုက်အလှူရှင်များနှင့် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့မှ စီမံ ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်ဆီဂျင်လိုအပ်ချက်များကို လျှင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ထုတ်ပြန်ချက် များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများမှ လိုက်နာဆောင်ရွက်ခဲ့ခြင်း ကြောင့် ယခုကဲ့သို့ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်စည်းကမ်းများ လိုက်နာမှုနှင့်ပတ်သက်၍ နယ်စပ်တိုင်းဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာတိုင်း ဒေသကြီး များ အထူးသဖြင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ဝင်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသားများ ပြန်လည်ဝင်ရောက်လာချိန်တွင် တာဝန်ရှိသူ များအား သတင်းပေးပို့မှုမရှိဘဲ မိမိတို့နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်ရာတွင် ရောဂါကူးစက်ခံရသူများ ရှိသည်ကိုတွေ့ရှိရကြောင်း၊  ထိုသို့ပြန်လည် ဝင်ရောက်လာ သူများအား တာဝန်ရှိသူများအနေဖြင့် ရပ်ကွက်အဆင့်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည့် စစ်ဆေးမှုများနှင့် အကာအကွယ်ပေးမှုများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသတွင် ရောဂါကူးစက်မှုနှုန်းများ ကျဆင်းပြီး တစ်နိုင်ငံလုံး ရောဂါကူးစက်မှု နှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိမှု၊ ထိုးနှံမှုတို့နှင့် ပတ်သက် ၍ ပြောကြားရာတွင် “ဆေးနဲ့ပတ်သက်ပြီး ပြောရလို့ရှိရင်တော့ မနေ့က အထိပေါ့ဗျာ မနေ့ကအထိ တရုတ်နိုင်ငံကနေပြီးတော့ ဆေး ၆ ဒသမ ၅ သန်းရှိပါတယ်၊ လှူတာ ၂ ဒသမ ၅ သန်းရှိပါတယ်၊ နောက်ဝယ်တာက ၄ သန်း၊ အားလုံးပေါင်း ၆ ဒသမ ၅ သန်း ကျွန်တော်တို့ရောက်ပါတယ်၊ တရုတ်က ဆေးပေါ့။ အိန္ဒိယကနေပြီးတော့ လှူတာက တော့ ၁ ဒသမ ၇ သန်း လှူတယ်၊ ၂ သန်းက တော့ဝယ်တာဖြစ်ပါတယ်၊ အားလုံး ပေါင်း ၃ ဒသမ ၇ သန်းရောက်ပြီ ဖြစ်ပါတယ်၊ စုစုပေါင်း ၁၀ ဒသမ ၂ သန်းရှိပါတယ်။ ဒါလည်းမနေ့ကရောက်တဲ့ဆေးဆိုလို့ရှိရင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြည်နယ်နဲ့ တိုင်းတွေကို တောက်လျှောက်ကို ကျွန်တော် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ ပို့နိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးက ယာဉ်တွေ ထုတ်ပြီး ကျွန်တော်ပို့ခိုင်းထားပါတယ်၊ ရာသီဥတု ကောင်းရင်လည်း ကောင်းတဲ့အလျောက်ပေါ့။ အဲ့ဒီတော့ အဓိကကတော့ ကိုယ့်ဆီရောက်လာလို့ရှိရင် သက်ဆိုင်ရာ မြို့နယ်အဆင့်၊ အောက်ခြေအဆင့်အထိရောက်အောင် ပြည်နယ်များက၊ တိုင်းများကလည်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးဖို့ပေါ့လေ၊ ဆောင်ရွက်ပေးဖို့ဆိုတာ ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့တွေအနေနဲ့ကတော့ စီမံခန့်ခွဲတာလုပ်ပေါ့ဗျာ၊ ယာဉ်ယန္တရားတွေ ကတော့ လိုအပ်လို့ရှိရင် ကျွန်တော်တို့ကိုပြောပါ။ ကျွန်တော်တို့ ဒီကနေပြီးတော့ တတ်နိုင်သမျှ Real Time ဖြစ်စေချင်ပါတယ်၊ အချိန်နှင့် တပြေးညီဖြစ်စေချင်ပါတယ်။ တစ်ရက်စောထိုးလို့ရှိရင် တစ်ရက်အကျိုးရှိပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဒီကျန်းမာရေးနဲ့ပတ်သက်ပြီး‌တော့ ကမ္ဘာ့နိုင်ငံအသီးသီးကနေပြီးတော့ ထုတ်ပြန်ချက် တွေကြည့်လိုရှိရင် ဆေးထိုးထားတဲ့သူတွေက ဆေးမထိုးထားတဲ့လူတွေထက် ရောဂါ ကိုခံနိုင်ရည်ပိုရှိတယ်၊ မဖြစ်ဘူးလို့တော့ အရှင်းမပြောပါဘူး။ သို့သော်လည်း ဖြစ်နိုင်ခြေ နည်းတယ်၊ ဖြစ်ရင်တောင်မှ ခံရမှုနည်းတယ်၊ အဲ့ဒီတော့ ဖြစ်တယ်လို့ရှိရင်လည်း ဥပမာအားဖြင့် ပြင်းထန်တဲ့ရောဂါနဲ့ပတ်သက်ပြီးဖြစ်ပွားမှုကျ တော့အထိုက်အလျောက် သူကနည်းနည်း နည်းတာကိုတွေ့ပါတယ်။ အောက်ဆီဂျင် ပေးရတာ၊ ဆေးပေးရတာ ကိုကအစ သူက သက်သာတာကိုတွေ့ရတယ်။”

          ယင်းနောက် ယခုထပ်မံရောက်ရှိသည့် ကာကွယ်ဆေးများထိုးနှံပြီးချိန်တွင် ကာကွယ်ဆေး  ထိုးနှံပြီးသည့်အရေအတွက် တိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများလည်း မကြာမီအချိန်အတွင်း ထပ်မံရောက်ရှိ လာမည်ဖြစ်ပြီး ဆေးများထပ်မံရောက်ရှိချိန်တွင်လည်း ပြည်သူများ အား အချိန်နှင့် တစ်ပြေးညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရရှိရေးအတွက် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံများမှသာမက အခြားမိတ်ဆွေနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများမှလည်း လှူဒါန်းပေးမှုများရှိကြောင်း၊ အာဆီယံ အဖွဲ့မှ လည်း လှူဒါန်းပေးသည့် ပစ္စည်းများ မကြာမီ ပို့မည်ဟုပြောကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ကူညီပေး သည့် နိုင်ငံများကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အဓိကအားဖြင့် အားလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေး သည် အရေးကြီးသည့်အတွက် မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အောက်ဆီဂျင်များအသုံးပြုမှု စနစ်မကျမှုကြောင့် အသုံးပြုသူများ အသက်အန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေး တိုက်တွန်းဆွေးနွေး ပေးရန်လိုအပ်ကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မိမိတို့နယ်မြေ အတွင်း အောက်ဆီဂျင်များ နေရာအနှံ့ရရှိစေရေး စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အခြားလိုအပ်သည့် ပစ္စည်းများ ရရှိစေရေး အတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီရန် လိုအပ်သဖြင့် ရေရှည်အတွက် စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း။

          ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစ၍ ကန့်သတ်ချက်များရှိ၍ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်မားလာမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်မားလာသည်ကို တွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကုန်ဈေးနှုန်းများ မြင့်တက်လာသော်လည်း စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များ၊ အခြေခံစားကုန်များကို ပြည်တွင်း၌ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းများ အန္တရာယ်ဖြစ်စေနိုင်သည်အထိ ရှားပါးမှု များမဖြစ်ပေါ်နိုင်ကြောင်း၊ လက်ရှိကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းမှာလည်း ထုတ်လုပ်မှု ကုန်ကျစရိတ်များမြင့်တက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးအလိုက် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက စိုက်ပျိုး မွေးမြူ ရေးနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်မှုများရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ဈေးကားများဖြင့် နေရာအနှံ့တွင် စားသောက်ကုန်များဖြန့်ဝေ ရောင်းချ ပေးသဖြင့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အားရဖွယ်ရှိကြောင်း၊ ပြည်သူ များ၏ စားရေးအဆင်ပြေရန် အတွက် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအလိုက် ပြည်သူများ စားရေးအဆင်ပြေစေရေး ယခု ထက်ပိုမို ဆောင်ရွက်ကြရန်အတွက် တိုက်တွန်းလိုကြောင်း၊ အလားတူ ထုတ်ကုန်ပစ္စည်းများ အားလျော့မသွားအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

          စိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးစေရန်အတွက် ဓာတ်မြေဩဇာများရရှိရန် လိုအပ် သဖြင့် ပြည်ပမှတင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဒေသများအလိုက် သဘာဝ ဓာတ်မြေဩဇာများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက်လည်း စည်းရုံးလှုံ့ဆော် ပေးရန်လိုကြောင်း၊ သဘာဝဓာတ်မြေဩဇာများကို အသုံးပြု၍ အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် ရှိပြီးသား အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရေး ပြည်နယ်နှင့်တိုင်းများအလိုက် တိုက်တွန်းဆောင်ရွက်ကြရန်လို ကြောင်း၊ ယခုကာလတွင် မိုးကောင်းစွာရွာသွန်းပြီး ရာသီဥတုများကောင်းမွန် လျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေးလုပ်ငန်း များကို အားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးချုပ်များအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများထံ ကွင်းဆင်းအားပေးဆောင်ရွက် ရန်လိုကြောင်း၊ အားလုံးဝိုင်းဝန်းပြီး အင်ပြည့်အားပြည့် ညီညီညွတ်ညွတ်ဖြင့် ဆောင် ရွက်နိုင်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်၍ စိုက်ပျိုးရေးထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းဖြင့် စားသောက်ရေးများ အဆင်ပြေပြီး ဝင်ငွေများ ကောင်းမွန်လာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း များစွာအထောက်အကူပြုလာမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလျက်ရှိသည့် အခြေ အနေများ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှု နှုန်း မြင့်မားလျက်ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး(Stay at home) ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျစေရေး လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပွား မှုနှုန်းလျော့ကျလာသည့် မြို့နယ်များအား ပြန်လည်ဖြေလျော့မှုများဆောင်ရွက်ပေး လျက်ရှိသည့်  အခြေအနေများ၊ ရောဂါပိုးကူးစက်မှုကွင်းဆက်ဖြတ်တောက်နိုင်ရေး အတွက် အုပ်စုများအလိုက် ခွဲခြားစစ်ဆေးမှု၊ ထိန်းချုပ်မှုများကို အထူးအလေးထား ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များ၊ ရပ်ကွက်များ အတွင်းထိ ရောဂါပိုးကူးစက်မှုအခြေအနေများကို စစ်ဆေးဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊  နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာ သူများကို စနစ်တကျ စစ်ဆေးလက်ခံပေးလျက်ရှိသည့် အခြေအနေများနှင့် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိ သည့် အခြေအနေများ၊ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာမည့် အခြေအနေများနှင့် ထပ်မံမှာယူထား ရှိမှု အခြေအနေများ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကာကွယ်ဆေး လစဉ် ၁၀ သန်းခန့် ထပ်မံရောက်ရှိလာမည့် အခြေအနေများ၊‌ ရောက်ရှိလာမည့် ဆေးဝါးများကို အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် အသက်အရွယ်အပိုင်းအခြား အလိုက် သတ်မှတ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မသန်စွမ်းသူများ၊ ရောဂါ အခံရှိသူများကို ဦးစားပေးစာရင်းတွင် ထည့်သွင်းထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

 လက်ရှိရောဂါပိုးအတည်ပြုလူနာများကို ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံ များတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများ ရောဂါပိုးကူးစက်ခံရမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် လိုအပ်သည်များ ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ပြည်သူများအားလုံး ကာကွယ် ဆေးပြည့်ဝစွာထိုးနှံနိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများ နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ၊ ကာကွယ်ဆေးများရောက်ရှိလာပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အချိန်မီပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုဗစ် - ၁၉ ကာကွယ်ဆေးများနှင့် ဆက်စပ်ဆေးဝါးများ၊ ပစ္စည်းများ ပေးပို့ လှူဒါန်းရန် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ ဒေသခံ ပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ။

          နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် Oxygen Plant များမှ တစ်နေ့တာ အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်မှုနှင့် တစ်နေ့တာအတွက် အောက်ဆီဂျင် လိုအပ်မှု အခြေအနေများ၊ ပြည်ပနိုင်ငံများမှ Liquid Oxygen များ တင်သွင်းခဲ့မှုနှင့် လက်ရှိ  အခြေအနေတွင် တင်သွင်းရန်လိုအပ်ချက်လျော့ကျလာမှု အခြေအနေများ၊ နေအိမ်တွင် နေထိုင်ရေး (Stay at home) ထားရှိသည့် မြို့နယ် ၁၂၉ မြို့နယ်မှ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ သည့် မြို့နယ် ၅၃ အား ဩဂုတ် ၂၇ ၊ ၂၈ နှင့် ၂၉ ရက်တို့တွင် Spot Check ဖြင့် ရောဂါ ပိုး စစ်ဆေးခဲ့ရာ ၂၇ ရက်တွင် လူဦးရေ ၆၂၉၂ ဦးကိုစစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၂၀၇၁ ဦး၊ ၁၇ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၂၈ ရက်တွင် လူဦးရေ ၁၇၉၃၀ ဦးစစ်ဆေးခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ ၁၄၇၈ ဦး၊ ၈ ဒသမ ၂၄ ရာခိုင်နှုန်း၊ ၂၉ ရက်တွင် ၃၅၀၇ ဦး စစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၇၆၄ ဦး၊ ၅ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည့်အတွက်  ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့ကျလာသည်ကို တွေ့ရှိရသည့် အခြေ အနေများနှင့် Spot Check ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများ၊ Relif Flight များ ပြေးဆွဲ၍ လူပုဂ္ဂိုလ်နှင့် ဆေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည့် အခြေ အနေများ၊ ပြည်တွင်းလေကြောင်း၊ ရေကြောင်း၊ မော်တော်ယာဉ်နှင့် မီးရထားခရီးစဉ် များအား စဉ်ဆက်မပြတ်ပြေးဆွဲလျက်ရှိသည့် အခြေအနေများ၊ ဆိပ်ကမ်းအသီးသီး တွင် ပြည်ပနိုင်ငံအသီးသီးမှ ကုန်သေတ္တာနှင့် စက်သုံးဆီများ ဝင်ရောက်နေမှု အခြေအနေများ၊ ပြည်ပသို့ ကုန်စည်များ ပို့ဆောင်ပေးနေမှုအခြေအနေများနှင့် နယ်စပ်ဂိတ် အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးခြင်းများကို Telephone message များမှတဆင့် ပေးပို့ ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ။

          ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်း များကို ပြည်သူများထံသို့ လျင်မြန်စွာရောက်ရှိစေရေးအတွက် FDA ထောက်ခံမှု မလို သည့် ပစ္စည်းများအား ဖြေလျော့မှုများပြုလုပ်၍ လျင်မြန်စွာ ထုတ်ယူခွင့်ပြုထား သည့် အခြေအနေများ၊ FDA ထောက်ခံချက်ရယူရန်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ကိုလည်း လျင်မြန်စွာထုတ်ယူရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ရောက်ရှိပြီး ဆေးနှင့်ဆေးပစ္စည်းများအား ကုမ္ပဏီအချို့မှ ထုတ်ယူရန် ကျန်ရှိနေမှုနှင့် အမြန်ဆုံးလာရောက်ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ရန်ပုံငွေမှ သုံးစွဲထားရှိမှု အခြေအနေများ။

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သတင်းနှင့်  ပညာပေးအစီအစဉ်များ ထုတ်လွှင့်နေမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းရင်းသားဘာသာစကားများ နှင့် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ တောင်းဆိုလာသည့် ကျန်းမာရေး ပညာဗဟုသုတများနှင့် အခြားအစီအစဉ်များကိုလည်း ပြန်လည်ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများ။

          တပ်မတော်ဆေးရုံများ၊ တိုင်းစစ်ဌာနချုပ်များအလိုက် ပိုးတွေ့လူနာများ၊ တက်ရောက်ကုသမှု အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ပိုးတွေ့ လူနာများတွေ့ရှိမှု၊ တပ်မတော်ဆေးရုံများအလိုက် Oxygen Plant များမှ အောက် ဆီဂျင် ထုတ်လုပ်နိုင်မှု၊ သုံးစွဲရန်လိုအပ်မှု အခြေအနေများ၊ ရောဂါပိုးတွေ့ရှိမှု များအား စောင့်ကြည့်၍ သုတေသနပြုလုပ်မှု၊ ဗီဇပြောင်းရောဂါပိုးများ ဆက်လက်တွေ့ရှိရမှု၊ ကာကွယ်ဆေးအမျိုးအစားများအလိုက် ရောဂါပိုးအား ကာကွယ်ပေးနိုင်မှု၊ ခုခံနိုင် မှု အခြေအနေများ၊ တပ်မတော်စက်ရုံ၊ အလုပ်ရုံများမှ နှာခေါင်းစည်း၊ လက်သန့်ဆေး ရည်၊ တစ်ခါသုံးဆေးထိုးအပ်များ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ ကမ္ဘာ့နိုင်ငံ များ၊ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ရောဂါကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှု အခြေအနေများ၊ နိုင်ငံအတွင်း မြို့နယ်များအလိုက် ကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှု အခြေ အနေများ၊ ရွေ့လျားဈေးကားများဖြင့် ပြည်သူလူထုအား ဈေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေးနေမှုနှင့် ဆက်လက်တိုးချဲ့ ရောင်းချပေးသွားမည့် အခြေအနေ များ၊ တရုတ်-မြန်မာ နယ်စပ်ဒေသများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက် လျက်  ရှိသည့် အခြေအနေများ၊ ပြည်ပမှ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်း ရောက်ရှိမှုနှင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ အခြေခံအိမ် သုံးဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများ၊ နိုင်ငံအတွင်း ဆေးဆိုင် များ ဖွင့်လှစ်ရောင်းချနေမှု၊ ဆေးပစ္စည်းများ ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများ၊ ဆေးဝါးများအား အလွယ်တကူဝယ်ယူနိုင်ရေး အွန်လိုင်းမှတစ်ဆင့် ရောင်းချပေး လျက်ရှိမှုနှင့် ကုမ္ပဏီများ ထပ်မံပူးပေါင်းပါဝင်လာမှု အခြေအနေများ၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်ပပို့ကုန်များ တင်ပို့လျက်ရှိသည့် အခြေအနေများနှင့် လိုအပ်သည့် အခြေခံစားကုန်သုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှု အခြေအနေများ။

          မိမိတို့နိုင်ငံ၏ ကာကွယ်ဆေးရောက်ရှိမှု၊ ထိုးနှံပေးနေမှုနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို WHO Website တွင် ထည့်သွင်းဖော်ပြခဲ့သည့် အခြေအနေများ၊ IDP Camp များတွင် ကာကွယ် ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံမှု၊ ရောက်ရှိမှု၊ ဆေးရုံတက်ရောက်ကုသမှု ခံယူမှုတို့ကို  စနစ်တကျ စာရင်းပြုစုဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေ များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော် ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများမှ မိမိတို့နိုင်ငံသားများအား ပြန်လည်ခေါ်ယူ ရောက်ရှိနိုင်ရေး ဆောင်ရွက်ခဲ့စဉ် မလေးရှားနိုင်ငံမှ Relif Flight ဖြင့် သွား ရောက်ခေါ်ယူခဲ့ရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်၍ အမြန်ဆုံးခေါ်ယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ ယခုအသစ်ထပ်မံရောက်ရှိလာသည့် ကာကွယ်ဆေးများသည်  တစ် ပုလင်းလျင် 5 Dose နှုန်း ဖြစ်သဖြင့် ဆေးထိုးနှံရေးဆောင်ရွက်ကြမည့် ကျန်းမာရေး ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သတိပြုရန်လိုပြီး နှုန်းထားအလိုက် အတိအကျဖြစ် စေရန် ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်ရောက်ရှိပြီး ဖြစ်သည့် ကာကွယ်ဆေးများကို ဦးစားပေးထိုးနှံသွားရန်နှင့် ထပ်မံရောက်ရှိလာမည့် ဆေးများ အား ဒုတိယအကြိမ်ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး သုတေသနပြု စမ်းသပ်ဆောင်ရွက်နေမှုများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်ကင်းမှုမရှိနိုင်ဘဲ ရေရှည်သွားရမည့် အနေအထားတွင်ရှိသောကြောင့် ရေရှည်သုံးစွဲနိုင်သည်အထိ ရည်ရွယ်၍ စမ်းသပ် သုတေသနပြုမှုများကို မျက်ခြည်မပြတ်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများအား သက်ဆိုင်ရာ ဆိပ်ကမ်း၊ စခန်းများအလိုက် ပစ္စည်းရောက်ရှိသည် နှင့် ထုတ်ဝေဖြန့်ဖြူးနိုင်ရေး ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ FDA ၏ ခွင့်ပြု ချက်ဖြင့် တင်သွင်းရမည့် ဆေးဝါးများကိုလည်း ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက် သွားရန်လိုအပ်မည်ဖြစ်ပြီး မသမာမှုများမရှိစေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းနေရသည့် အခြေခံ စားကုန်၊ သုံးကုန် ပစ္စည်း များကို  ပြည်တွင်း၌ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး လိုအပ် သည်များကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အခြေခံဆေးဝါးများကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ပတ်သက် ၍ “ဆေးကုန်သည်ကြီးများအသင်း၊ တစ်ချို့ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းပေး တာရှိတယ်၊ ရန်ကုန်မှာလည်း ကျွန်တော်တို့ ဆေးဆိုင်တွေ သီးခြားနေရာတစ်ခု သတ်မှတ်ပြီး ရောင်းပေးတာတွေရှိတယ်၊ ဈေးနှုန်းတွေလည်း ကျွန်တော်တို့က သတင်း စာ ထဲမှာလည်း ထည့်ပေးတယ်၊ ဆေး ဈေးတွေ၊ အရေးကြီးတဲ့ဆေးတွေပေါ့လေ၊ အဲ့ဒီတော့ ဘာပဲပြောပြော ဆေးနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့လက်ဝယ်မှာတော့ အတိုင်းအတာ တစ်ခုထိတော့၊ အဆင်ပြေသွားပါတယ်။ ဒီအတွက်ကြောင့် ဒီဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းပေါ့၊ ကျေးဇူးတင်တဲ့အကြောင်း ကျွန်တော် ပြောလို ပါတယ်၊ သူတို့တွေတကယ်ကို စေတနာထားပြီးလုပ်ပေးပါတယ်၊ အကျိုးအမြတ်ထက် ပြည်သူ့အတွက်အထောက်အကူရအောင် ဆိုပြီးတော့ လုပ်ပေးတာပေါ့၊ စီးပွားရေး ဆိုတာကတော့ဗျာ အကျိုးအမြတ်ရှိမှလုပ်ချင်မှာပေါ့၊ သို့သော်လည်း ဒီဟာက အကျိုး အမြတ်ကအဓိကမဟုတ်ဘဲနဲ့ကို လက်ဝယ်ကို ဈေးနှုန်းမှန်မှန်နဲ့ မြန်မြန်နဲ့ လုပ်ပေး တယ်၊ စေတနာနဲ့ လုပ်ပေးတဲ့ကိစ္စရပ်ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် သူတို့ကို ကျေးဇူးတင် ကြောင်း ကျွန်တော်ပြောလိုပါတယ်။ ဒီကိုဗစ် ရောဂါတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျလာ တယ် လို့ပြောတယ်၊ ကျွန်တော်တို့က Figure လည်းတစ်ချက် ကြည့်တာပေါ့၊ စစ်ဆေး တဲ့ အရေအတွက်၊ နောက်တွေ့တဲ့အရေအတွက် Percentage ၊ ကျွန်တော်တို့က ဒီဘက်က တွေ့တဲ့အရေအတွက်ကိုကြည့်တယ်၊ အဓိကကတော့ ဘာလဲ ဆိုတာက တော့ Field တွေမကျန်ဖို့လိုတယ်၊ ခုနကကျန်းမာရေးဝန်ကြီးလည်း ဆွေးနွေးတဲ့အထဲ မှာ ပါပါတယ်၊ Contact Person တွေပေါ့၊ Contact Person မဟုတ်ဘဲ သူတို့နဲ့ အကြောင်းအမျိုးမျိုးကြောင့်ပတ်သက်နေတဲ့သူတွေရှိတယ်၊ တစ်ချို့လည်း အိမ်မှာ ပြန် ပြီး ခွေနေကြတယ်၊ စောစောကကျွန်တော်ပြောလိုက်တယ်၊ ဥပမာအားဖြင့်- နယ်စပ် ဒေသမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်း တစ်ချို့ဒေသတွေမှာ ရွာတွေပြန် နေကြတယ်၊ ဘာမှမပြောဘူး၊ ဖြစ်ခါမှ အကုန်လုံးကဖြစ်ပွားတဲ့နှုန်းက တစ်အားများ လာတဲ့အခါ ကျမှ၊ စစ်ကြည့်တော့ အကြောင်းအမျိုးမျိုး နဲ့ပြန်ရောက်လာတဲ့သူတွေက သတင်း မပို့တာ၊ မစစ်ဆေးတာတွေတွေ့တယ်၊ ဒါကြောင့် ဒါတွေကိုလည်း ကြပ်ကြပ် မတ်မတ် စစ်ဆေးနိုင်ဖို့လိုပါတယ်၊ အရေးကြီးတာက စစ်ဆေးမှု နယ်ပယ်တွေမှာ မကျန်ဖို့ လိုတယ်၊ များများစစ်ရင် များများစစ်ပြီးတော့ အဖြေများများ သိမှသာ ကျွန်တော် တို့က ကိုဗစ် ထိန်းချုပ်ရေးအတွက် အကျိုးရှိလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်၊ များများစစ်ဖို့လိုတယ်။

ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့ ဆေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ရှည်စွာဖြင့် နည်းစနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သော သူများသည် အာခေါင်တို့ဖတ်၊ နှာခေါင်း တို့ဖတ် ခံယူရမည်ကို ကြောက်ရွံ့ထိတ်လန့်မှုများရှိသဖြင့် စစ်ဆေးမှုခံယူသူများ ကိုလည်း ကြောက်ရွံ့မှုမရှိစေရန် နားလည်သဘော ပေါက်အောင် ရှင်းပြပေးရမည် ဖြစ်ကြောင်း၊ ဆေးစစ်မှုလုပ်ငန်းများသည် အသက်အန္တရာယ်ကို ကာကွယ်ပေး နိုင်ရေး လုပ်ဆောင်ပေးသည့် လုပ်ငန်းဖြစ်သဖြင့် စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်သူ များ မကျန်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ဗီဇ ပြောင်းရောဂါပိုးသည် ဖြစ်ပွားမှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုများသည့်အတွက် ပေါ့ဆစွာ ဖြင့် နေထိုင်သွားလာမှုများ မရှိစေရေး ကျန်းမာရေး အသိပညာပေးသည့် လုပ်ငန်းများ ကို တိုးမြှင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဖြစ်ပွားသည့် လက္ခဏာများကို ရပ်ကွက်၊ ကျေးရွာများအတွင်း လိုက်လံဆော်ဩရာတွင်လည်း အချက်အလက်တိကျစွာဖြင့် အသိပညာပေးရမည်ဖြစ်ကြောင်း၊ ရုပ်မြင်သံကြားများတွင် ဖော်ပြပေးရာ၌ နှုတ်ဖြင့် သာမက စာဖြင့်ပါ ဖော်ပြပေးရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးမှုနှင့် ပတ်သက်ပါက မှန်ကန်သည့် အသိပညာများရရှိအောင် လုပ်ဆောင်ပေးနိုင်ရမည် ဖြစ် ကြောင်း။

ကိန်းဂဏန်းအချက်အလက်များအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာ ပြီး အဆိုပါ အချက်အလက်များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားမှုနှုန်း အမှန်တကယ်လျော့နည်းလာမှသာလျင် တင်းကြပ်ထားသည့် ကျန်းမာ ရေး ဆိုင်ရာစည်းကမ်းချက်များကို ဖြေလျော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါကူးစက်မှုနှုန်းလျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင်သွားလာခဲ့ခြင်းကြောင့် တတိယ လှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို သင်ခန်းစာယူရ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံ၊ အလုပ်ရုံများကို စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ရောဂါဖြစ်ပေါ်မှု အခြေအနေများအရ ရုံးပိတ်ရက် ကြေညာထားသည်ဖြစ်သော်လည်း အစိုးရ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်ရန်လိုအပ်သည်များကို စနစ်တကျစီမံခန့်ခွဲ၍ လုပ်ဆောင်နေရမည်ပင်ဖြစ် ကြောင်း၊ ရောဂါကူးစက်ဖြစ်ပေါ်မှုများကို မျက်ခြည်မပြတ်စောင့်ကြည့်၍ ကျန်းမာရေး ဆိုင်ရာ ဖြေလျော့မှုများကို လုပ်ဆောင်ပေးနိုင်ရေး စဉ်းစားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။

ထပ်မံရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့် ပတ်သက်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နယ်စပ်ဂိတ်များမှတဆင့်ရောက်ရှိလာမည့် ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက်များအလိုက် ထိုးနှံပေးနိုင်ရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဆိုင်ရာဆောင်ရွက်ပေးနေရသူများ၏ လုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသာမက ဒေသခံပြည်သူလူထုကပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်ကို ပြည်တွင်း၌ လုံလောက် စွာ ထုတ်လုပ်ပေးနိုင်ပြီဖြစ်သဖြင့် ပြည်ပမှတင်သွင်းရန် အမှန်တကယ်လိုအပ်မှသာ အရန်အနေဖြင့် တင်သွင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး၊ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စီမံခန့်ခွဲမှုကောင်းစွာဖြင့် လုပ်ငန်းအောင်မြင် အောင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။