ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူရှင်များက အလှူငွေများလှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူရှင်များက အလှူငွေများလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၆

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင် ရှမ်း(တောင်)သတ္တု လုပ်ငန်းရှင်များအသင်းက အလှူငွေကျပ် သိန်း ၁၀၀ နှင့် PNO အသွင်ပြောင်း ပြည်သူ့ စစ်(ဌာနေ)အဖွဲ့က အလှူငွေကျပ် ၁၀ သိန်းတို့ကို ပေးအပ်လှူဒါန်းကြရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်စက်ရုံများကို တည်ဆောက်လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၁၀၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်၊ ညောင်တုန်းမြို့ရှိ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၈၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်နှင့် ဓနုဖြူမြို့ရှိ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၈၀ လုံး ထုတ်လုပ်နိုင်သည့် HBH-30 စက်များ ရောက်ရှိတပ်ဆင်နေမှုအခြေအနေများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။