ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၅

   ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေ အသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒဏ်ပြင်ရှည် ကျေးရွာရှိ မိုးစပါးစံပြစိုက်ခင်း စိုက်ပျိုးထားရှိမှုနှင့် ဘူးသီးတောင်တပ်နယ်၊ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များရှိ မွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့ရှိ နယ်မြေခံတပ်ရင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

    ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန်အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ စိုက်ခင်းများမှ သီးနှံများအား နယ်မြေခံတပ်မတော်သား များက ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မောတောင်မြို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ သီးနှံများအား ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်ဝယ်ယူ အားပေးခဲ့ပြီး အဆိုပါ ဝယ်ယူခဲ့သည့် သီးနှံများအား နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် ကိုဗစ်စင်တာများသို့ ပေးအပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။