ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်  သြဂုတ်  ၁၃

ကိုဗစ်-၁၉  ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ကြိုတင်ပြင်ဆင် မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့် နေရာများတွင်   စနစ်တကျ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ယင်းသို့ပြင်ဆင် ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

ထိုသို့ ပြင်ဆင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ရ နာရီအချိန်ထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၂၁၁ ဦးနှင့် အမျိုးသမီး ၁၈၂ ဦး စုစုပေါင်း ၃၉၃ ဦးအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ   နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုး တွေ့လူနာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၂၂ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌  ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၂၂၉ ဦးနှင့် အမျိုးသမီး ၁၇၈ ဦး စုစုပေါင်း ၄ဝ၇ ဦးအား လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံ တပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ရ၈ ဦးနှင့် အမျိုးသမီး ၅၂ ဦး၊ စုစုပေါင်း ၁၃ဝ ဦးအားလည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း  သိရှိရသည်။

အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏  နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။