ကိုရီးယားကျွန်းဆွယ်အတွက် အကောင်းဆုံးသောဖြေရှင်းချက်ကို တောင်ကိုရီးယား ရွေးချယ်မှာလား

ကိုရီးယားကျွန်းဆွယ်အတွက် အကောင်းဆုံးသောဖြေရှင်းချက်ကို တောင်ကိုရီးယား ရွေးချယ်မှာလား

အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲလုပ်ဆောင်မည့် နှစ်စဉ်ပြုလုပ်မြဲစစ်ရေး လေ့ကျင့်မှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချရသေးကြောင်း တောင်ကိုရီးယားအစိုးရက ပြောလိုက်ပြီ ဖြစ်သည်။

အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားနှစ်နိုင်ငံ၏ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အပြင် နှစ်နိုင်ငံ ခေါင်းဆောင်များကြား  ပြန်လည်တည်ဆောက်မည့် အပြန်အလှန်ယုံကြည်မှုကိုပါ  လျော့ပါးစေနိုင်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျောင်က သတိပေးပြီးနောက် တောင်ကိုရီးယားအစိုးရ၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စီစဉ်ထားသည့် အတိုင်းလုပ်မည်ဟူသော သတင်းများကိုကြားနေရကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် မလိုလားအပ်သည့် ရှေ့ပြေးနိမိတ်အဖြစ် မြောက်ကိုရီးယားကရှုမြင်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေလာနိုင်ကြောင်း ကင်ယိုဂျောင်က မကြာသေးမီကပြောထားခြင်း ဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား ယခင်ကလုပ်ဆောင်ကြသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယားအစိုးရက ဝေဖန်ထားသည်။ ဝေဖန်ရသည့် အကြောင်းရင်းမှာ ထိုသို့ စစ်ရေးလေ့ကျင့်မှုများသည်   မြောက်ကိုရီးယားကို   ကျူးကျော် တိုက်ခိုက်ရန် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားအစိုးရအဖွဲ့က   ရှုမြင်ထားခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့်ပူးတွဲစစ်ရေး လေ့ကျင့်ရန် တောင်ကိုရီးယားက ပြင်ဆင်နေသည် ဟူသော ပြောဆိုချက်များသည် နှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေး လိုင်းပြန်လည် ဖွင့်လှစ်ရန် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့က  သဘောတူပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အဆိုပါအရေးပေါ် ဆက်သွယ်ရေးလိုင်းကို မြောက်ကိုရီးယားက တစ်ဖက်သတ်ပိတ် ပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ရာ  နှစ်နိုင်ငံခေါင်းဆောင်များ၏ လုပ်ဆောင်မှု သည် ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာစေရန် လမ်းဖွင့်ပေးခြင်းဖြစ် သည်ဟုလည်းဆိုနိုင်သည်။

နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်လာသည့် အခြားဥပမာတစ်ရပ်မှာ နှစ်နိုင်ငံခေါင်းဆောင် များကြား ဆွေးနွေးပွဲများကို ဗီဒီယိုကွန်ဖရင့်ဖြင့် အမြန်ဆုံးကျင်းပရန်အထိ တောင်ကိုရီးယားအစိုးရက ကမ်းလှမ်းခဲ့ခြင်းပင်ဖြစ်သည်။ ထိုအဆိုပြုချက်ကို အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် တောင်ကိုရီးယားအရာရှိများက အရေးတယူ ဆောင်ရွက်နေသည်။

သို့သော် ယခုအခါ နှစ်နိုင်ငံဆက်ဆံရေးတွင် အဟန့်အတားဖြစ်စေနိုင်သော  အမေရိကန် နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မည့် အစီအစဉ်ထွက်ပေါ်လာပြီဖြစ်သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍    တောင်ကိုရီးယားအစိုးရက  အဖြေရှာရန်စီစဉ်နေသည်ကို လည်းတွေ့ရသည်။

တောင်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက် စေလိုသည့်အတွက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေနေရခြင်းဖြစ်သည်။

ထို့ကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားနိုင်ငံအပေါ် ရည်မှန်း လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ပေါ်လွင်စေရန် တောင်ကိုရီးယားစစ်ဘက်က အပူတပြင်း စီစဉ်နေသည်။

ထိုသို့စီစဉ်ရာတွင် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို  မည်သည့် နေရာ၌ ကျင်းပမည်နှင့်စပ်လျဉ်း၍ တောင်ကိုရီးယားက အမေရိကန် စစ်ဘက်နှင့် ဆွေးနွေးနေသည်။

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်လုပ်ဆောင်လေ့ရှိကာ ပြီးခဲ့သည့်နှစ်အတွင်းက လုပ်ဆောင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ကွန်ပျူတာဖြင့်သဏ္ဌာန်တူ ဖန်တီးလုပ်ဆောင်ခြင်းဖြစ်သည်။   ယခုနှစ် အတွက် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ယခုလအတွင်းလုပ်ဆောင်ရန် စီစဉ်ထားသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို မည်သည့်အချိန်၊ မည်သည့်နေရာတွင် လုပ်ဆောင်မည်ဟူသောအချက်နှင့်စပ်လျဉ်း ၍ ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူကပြောထားသည်။

ထို့ပြင် တောင်ကိုရီးယားအစိုးရအနေဖြင့် ယခုအချိန်မျိုးတွင် အမေရိကန်နှင့်ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းကို  ဆိုင်းငံ့ထားပြီး နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေးအတွက် အထောက်အကူပြုစေရန်  လုပ်ဆောင်သင့်သည်ဟု  တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက တိုက်တွန်း ထားသည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ်များအတွင်းက လုပ်ဆောင်သည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများသည်   ကိုရီးယားနှစ်နိုင်ငံ၏ ဆက်ဆံရေးတိုးတက်မည့်အလား အလာကို လျော့ပါးစေရုံသာမက အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့်  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ကြား နျူကလီးယားဆွေးနွေးပွဲများ ကျင်းပရေးကိုပါ အဟန့်အတားဖြစ်စေခဲ့ သောကြောင့်ဖြစ်သည်။

ထို့အတွက်ကြောင့် မြောက်ကိုရီးယား၏ထုတ်ပြန်ချက်သည်   တောင်ကိုရီးယား အနေဖြင့် ကိုရီးယားနှစ်နိုင်ငံကြား ပြန်လည်ကောင်းမွန်လာသည့် ဆက်ဆံရေးကို လျော့ပါးအောင် မလုပ်ဆောင်မိစေရန် သတိပေးလိုက်ခြင်းဖြစ်သည်ဟုဆိုနိုင်သည်။

အလားတူ   ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပွားသည့်စစ်ပွဲကို တရားဝင်အဆုံးသတ်ရန်   ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်မထိုးရသေးသောကြောင့်  အမေရိကန် နှင့်တောင်ကိုရီးယားတို့ကြား မည်သည့်ပူးတွဲ စစ်ရေးလုပ်ဆောင်မှုမျိုးကိုမဆို   မြောက်ကိုရီးယားက   နှစ်သက် သဘောကျမည်မဟုတ်ပေ။

အချုပ်အားဖြင့်ဆိုရလျှင်   တောင်ကိုရီးယားအစိုးရအနေဖြင့်   ယခုလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို အာရုံစိုက်လုပ်ဆောင်နေမည့်အစား  မြောက်ကိုရီးယားနှင့် နျူကလီးယား ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်တိုးတက်လာစေရေးတို့ကို  အဓိကလုပ်ဆောင်ခြင်း သည်သာ ကိုရီးယားကျွန်းဆွယ်အတွက် အကောင်းဆုံးသော ဖြေရှင်းချက်အဖြစ် ထွက်ပေါ်လာနိုင်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Ref: Sputnik, CAN