ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးရုံးပြန်လည်ဖွင့်လှစ်ရေးနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ရေးဆွေးနွေးနေ

ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးရုံးပြန်လည်ဖွင့်လှစ်ရေးနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ရေးဆွေးနွေးနေ
ဆိုး၊ နိုင်ငံရေး
တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးရုံးပြန်လည်ဖွင့်လှစ်ရေးနှင့် ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ရေးဆွေးနွေးနေကြောင်း တောင်ကိုရီးယားအစိုးရသတင်းအရင်းအမြစ်သုံးခုကပြောသည်။ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းများကို ဇူလိုင် ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ပြီးနောက် ပူးတွဲဆက်ဆံရေးရုံးကို နယ်စပ်ရှိငြိမ်းချမ်းရေးကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌တည်ဆောက်ရန် ဆွေးနွေးလာခြင်းဖြစ်သည်။
မြောက်ကိုရီးယားအစိုးရသည် တောင်ကိုရီးယားနှင့်ဆက်ဆံရေးယိုယွင်းသော ပြီးခဲ့သည့်နှစ်တွင် ကေဆုန်မြို့ရှိ ဆက်ဆံရေးရုံးကို ဖြိုချလိုက်ခြင်းဖြစ်သည်။တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်သင့်မြတ်စေရန် ဧပြီလမှစ၍ စာများအပြန်အလှန်ပေးပို့ခဲ့ခြင်းဖြစ်သည်။ယခုလုပ်ဆောင်နေသည့်ဆွေးနွေးမှုများသည် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကို  အကောင်အထည်ဖော်ရန် ကတိပြုထားသော ထိပ်သီးဆွေးနွေးပွဲသုံးကြိမ်ကို ၂၀၁၈ ခုနှစ်တွင် ကျင်းပပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ဆိုးဝါးခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်တိုးတက်လာမှုလက္ခဏာဖြစ်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

ထို့ပြင်  ကိုရီးယားနှစ်နိုင်ငံကြားဆွေးနွေးမှုများသည် မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား ရပ်ဆိုင်းနေသော နျူကလီးယားကင်းစင်ရေးနှင့် အရေးယူပိတ်ဆို့မှုများဖယ်ရှားရေးဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။အလားတူ ထိုသို့ဆွေးနွေးပွဲများပြန်လည်ကျင်းပနိုင်ပါက သမ္မတသက်တမ်းနောက်ဆုံးနှစ်တွင် ထောက်ခံမှုကျဆင်းနေသည့် မွန်ဂျေးအင်အတွက် ထောက်ခံမှုများပြန်လည်ရရှိကာ နောက်တစ်ဆက်သမ္မတသက်တမ်းအတွက် ပါဝင်ရွေးကောက်ခံနိုင်စေမည်ဖြစ်ကြောင်းသိရသည်။