ကောလင်းမြို့၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နှင့်  နမ့်ခန်းမြို့၌ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသူများအား အစွန်း ရောက်အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ ဗုံးပစ်လောင်ချာများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်

ကောလင်းမြို့၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နှင့်  နမ့်ခန်းမြို့၌ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသူများအား အစွန်း ရောက်အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ ဗုံးပစ်လောင်ချာများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်

နေပြည်တော်၊ ဩဂုတ် ၉    

နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ နိုင်ငံတစ်ဝှမ်းအချိန်နှင့် တစ်ပြေးညီထိုးနှံပေး၍ ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှုအား လျော့ကျစေရေးအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အစွန်းရောက်အကြမ်းဖက်သမားများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် ကပ်ရောဂါဖြစ်ပွားနေမှုအပေါ် မျက်ကွယ် ပြု၍ ရောဂါထိန်းချုပ် နိုင်ရေးကူညီဆောင်ရွက်လျက်ရှိသည့် နေရာများကိုပါ ဦးတည် တိုက်ခိုက်မှုများအား ရက်စက် ယုတ်မာစွာ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
  

ထိုသို့အကြမ်းဖက်မှုများဆောင်ရွက်ခဲ့ရာတွင် ဩဂုတ်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ပြည်သူလူထုပူးပေါင်းအဖွဲ့များမှ စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နံနက် ၉ နာရီ ၄၀ မိနစ် အချိန်တွင် အဆိုပါဂိတ်အနီးမှ အစွန်းရောက် အကြမ်းဖက်သမားများ ကြိုတင်ထောင်ထားသည့် Remote မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ချိန်တည်းမှာပင် အစွန်းရောက်အကြမ်းဖက် သမား ၄ ဦး(စိစစ်ဆဲ)တို့က စစ်ဆေးရေးဂိတ်၏ အနောက်ဘက် ကိုက် ၁၅၀ ခန့်အကွာမှ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ Remote မိုင်းဖောက်ခွဲကာ၊ ဗုံးပစ်လောင်ချာဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် အဆိုပါစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် နောက်ကျော ပေါက်ဒဏ်ရာ၊ နားရွက် ယမ်းစထိမှန်ဒဏ်ရာများ (စိုးရိမ်ရ)နှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် စည်ပင်သာယာ ဝန်ထမ်း ၁ ဦးတို့၏ ဦးခေါင်း၊ နဖူး၊ မျက်ခုံး၊ ပေါင်၊ ခြေထောက်နှင့် တင်ပါးဆုံတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး ကောလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသစဉ် နံနက် ၁၀ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးသွားခဲ့သည်။
    

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကျားဖြူ ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ ၂ ဦးက မော်တော်ဆိုင်ကယ်တစ်စီးဖြင့် လာရောက်၍ လက်လုပ်မိုင်း ၁ လုံးဖြင့် လာရောက်ပစ်ပေါက် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကွန်ကရစ်အခင်း ၅ လက်မပတ် လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်ဗုံးဖောက်ခွဲသူများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လည်း မသင်္ကာဖွယ် အကြမ်းဖက်သမား၏ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာသို့ သတင်းပေးပို့ကူညီကြပါရန် မေတ္တာရပ်ခံနှိုးဆော်ထားကြောင်း သတင်းရရှိိသည်။