ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာရှိ ဆူပူအကြမ်းဖက်သူတစ်စုက ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်း ဆောင်နေသူအား ဓားဖြင့်ခုတ်သတ်မှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူနှစ်ဦးအား ထပ်မံဖမ်းဆီးရမိ

နေပြည်တော်  မတ်  ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်အား မတ် ၁၂ ရက် ည ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူတစ်စုက ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သဖြင့် သေဆုံး သွားခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည့် သတင်းများအား မတ် ၁၅ ရက်နှင့် မတ် ၁၆ ရက်တို့တွင် ထုတ်ပြန် ပြီးဖြစ်ပါသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါဝင်ပတ်သက်သူများအား ထပ်မံဖမ်းဆီး ရရှိရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက် ခဲ့ရာ မတ် ၁၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါကျူးလွန်မှုတွင်ပါဝင်ခဲ့သူ (၁၀)မိုင် ကျေးရွာနေ စိုင်းသူ (ဘ) ဦးစောနိုင်နှင့် ကျော်ဇင်ဝေ(ဘ)ဦးစောနိုင်တို့နှစ်ဦးအား ၎င်းကျေးရွာ၏အပြင်ဘက် လက်ရိုက်အုတ်ဖို နေရာ၌ ဓားနှစ်ချောင်း၊ ဂက်စ်ဘူးဖြင့်ထည့်၍ပစ်ရသည့် လက်လုပ်သေနတ်တစ်လက်၊ ပြုလုပ်ဆဲလက်လုပ်သေနတ်တစ်လက်တို့ နှင့်အတူ  ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူအား တရားဥပဒေ အရအရေးယူနိုင်ရေးနှင့် ဖြစ်စဉ်တွင်ပါဝင် ပတ်သက်သူများအား ထပ်မံဖမ်းဆီးရမိရေး လိုအပ်သည်များဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)