ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ကားပါကင်တွင်အိပ်ခဲ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဂျိုးဘိုင်ဒင် တောင်းပန်

ဝါရှင်တန်၊ နိုင်ငံရေး

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးယူပေးရသော လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပူမပေးထားသည့် ကားပါကင်တွင် အိပ်ခဲ့ရသည့်အတွက်    အမျိုးသားအစောင့်တပ်ဖွဲ့တပ်မှူးထံတယ်လီဖုန်းဆက်ပြီးတောင်းပန်ကြောင်း   တာဝန်ရှိသူများကပြော သည်။

ဂျိုးဘိုင်ဒင်သည် အစောင့်တပ်ဖွဲ့တပ်မှူးဗိုလ်ချုပ်ကြီးဒန်နီယယ်အာဟိုကန်ဆန်ကိုတယ်လီဖုန်းဆက်စဉ် ၎င်းင်းအနေဖြင့် မည်သို့လုပ်ပေးနိုင်မည်ကိုလည်းမေးမြန်းခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ ဂျိုးဘိုင်ဒင်၏ဇနီးသည်   လွှတ်တော်အဆောက်အအုံပြင်ပတွင် အခြေချထားသော လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့   ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းတွင်သွားရောက်ကာ ကျေးဇူးတင်စကားဆိုပြီး    ချောကလက် ကွတ်ကီးများကိုဝေမျှပေးခဲ့ကြောင်း   သိရသည်။

အမျိုးသားလုံခြုံရေးတပ်ဖွဲ့အနေဖြင့် ဘိုင်ဒင်မိသားစု၏ နှလုံးသည်းပွတ်နေရာတွင် ထာဝရကိန်းအောင်း နေမည်ဖြစ်ကြောင်း သမ္မတဇနီးကပြောသည်။ ၎င်းတို့၏သားတစ်ဦးဖြစ်သည့်ဘိုသည် ဒယ်လာဝဲ ပြည်နယ်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်သေဆုံးသွားကြောင်းသိရသည်။

ဇန်နဝါရီ ၂၁ ရက်ညတွင် ဗဟိုတရားရေးအဆောက်အအုံရှိ ကားပါကင်နေရာ၌အိပ်နေရသော အမျိုးသား လုံခြုံရေးအစောင့်တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများသည် အွန်လိုင်းပေါ်တွင်ပျံ့နှံ့ပြီးနောက် အုတ်အော် သောင်းနင်းဖြစ်လာခြင်းဖြစ်သည်။ ထိုဓာတ်ပုံများ  အွန်လိုင်းတွင်ပျံ့နှံ့ပြီးနောက် တက္ကဆက်၊ ဖလော်ရီဒါ၊ နယူးဟမ့်ရှိုင်းယားနှင့် မွန်တားနားပြည်နယ်တို့မှ အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ပြည်နယ်မှ အမျိုးသားအစောင့်တပ်ဖွဲ့များကို ပြန်လည်ခေါ်ယူကြောင်းနှင့် ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဝေဖန်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါအမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် စစ်သည်များဖြစ်ပြီး နန်စီပီလိုစီ၏ ကျေးကျွန်များ မဟုတ်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ဇန်နဝါရီ ၂၂ ရက်တွင်ပြောသည်။ အဆိုပါတပ်ဖွဲ့ဝင်များသည် လွှတ်တော်လုံခြုံရေးအတွက်  တာဝန်ယူပေးရသူများဖြစ်ကာ ဇန်နဝါရီ ၂၁ ရက်တွင် ၎င်းတို့ နေရာယူထားသည့် လွှတ်တော်မှအကြောင်းပြချက်အချို့ဖြင့် အပြင်ထွက်နေရ ခြင်းဖြစ်သည်။ ယခုအခါ   အဆိုပါတပ်ဖွဲ့ဝင်များကို လွှတ်တော်အတွင်းပြန်လည်နေရာချထားပေး ကြောင်း ဝါရှင်တန်အမျိုးသားအစောင့်တပ်ဖွဲ့မှ     ပြောရေးဆိုခွင့်ရှိသူကပြောသည်။