ကျိုက်မရောမြို့နယ်၌ အောင်သပြေပန်း စီးပွားဖြစ်စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌  စိုက်ပျိုးထားသော    အာဆီယံအောင်သပြေပန်းများ အောင်မြင်ဖြစ်ထွန်းသဖြင့်      စိုက်ပျိုးသူများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း  သိရသည်။

အာဆီယံသပြေပန်းများကို     စီးပွားဖြစ် စိုက်ပျိုးရာတွင် အချို့က အပင်ငယ်လေးများကို အလှပျိုးပင်အဖြစ် စိုက်ပျိုးကြသဖြင့် အပင်ပေါက် သီးသန့်ရောင်းချရကြောင်း၊ အောင်သပြေပန်း တစ်စည်းလျှင် ငွေကျပ် ၁ဝဝ သာ ရရှိချိန်တွင် အိမ်ခြံဝင်းအတွင်း အလှထားလိုသူများက အိုးဖြင့်စိုက်ပျိုးထားသော အပင်ပေါက်များကို ပိုမိုဝယ်ယူကြသဖြင့် ဈေးကွက်ပိုကောင်းကြောင်း၊ အလှစိုက် အာဆီယံသပြေအိုး တစ်အိုးလျှင် အနည်းဆုံးငွေကျပ် ၁၅ဝဝ မှ  ၂ဝဝဝ အထိရရှိကြောင်း  အာဆီယံအောင်သပြေပန်း စီးပွားဖြစ်စိုက်ပျိုးသူ ခြံရှင် ဦးမောင်မြင့်ကပြောသည်။

အဆိုပါ အာဆီယံသပြေပင်ကို တစ်ပတ်လျှင် နှစ်ကြိမ်ခူးရပြီး  အပင်များရှင်သန်ကြီးထွားရန်အတွက် မြေနေရာကျယ်ဝန်းသည့် မြေဆီလွှာ  ကောင်းမွန်သော သဲမြေ၊ နုန်းမြေများပေါ်တွင်  စိုက်ပျိုးပါက ပိုမိုရှင်သန်ဖြစ်ထွန်းသည်။

ကျိုက်မရောမြို့ နတ်စမ်းသပြေများကို မြို့ပေါ်တွင်သာမက  မုဒုံမြို့နှင့်  မော်လမြိုင်မြို့ကြီးအထိပါ  ပို့ဆောင်ရောင်းချနေရသဖြင့် ဒေသခံများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။