ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

နေပြည်တော်၊ မေ - ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူ ဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါရပ်တော်မူဘုရားကြီး၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သံသရာ အေးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း ဆရာတော် ဘဒ္ဒန္တအဂ္ဂဝသ ထံမှ အနုမောဒနာတရားနာယူကြသည်။

ထို့နောက် အောင်စင်္ကြာတပ်ဦး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုမာရ က နတ်ဗြဟ္မာများအား နတ်ပို့ဂါထာများရွတ်ဖတ်၍ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်၌ သံဃာတော်များအား အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။