ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက “ နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး မိုင်းခွန်ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဆရာ တော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရ က ရောင်ခြည်တော်ဖွင့် ဘုရား ပင့်ဂါထာဖြင့် ဘုရားပင့်ဆောင်ရွတ်တော်မူခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် သာသနာ့ ဝေပုလ္လကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ မှ ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဆောင်တော်မူသည်။ ဆက်လက်၍ ကျိုင်းတုံမြို့၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မှ ပဋ္ဌာန်းတရားတော် ရွတ်ဆိုပူဇော်ရန်အတွက် ပဋ္ဌာန်းအမွန်းဂါထာတော်အား ရွတ်ဆိုတိုက်တွန်းနှိုးဆော်ကာ စတင်ရွတ်ဆို ပူဇော်ကြသည်။

၎င်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက သံဃာတော် များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ ပဋ္ဌာန နာယက၊ ပဋ္ဌာနဘဏာက သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဋိတော်ကို ရွတ်ဆိုပူ ဇော်၍ အလှည့်ကျ ပဋ္ဌာနဘာဏာက သံဃာတော်များက ပဋ္ဌာန်းတရားတော်ကြီးကို ငါးရက်တိုင်တိုင် ရွတ်ဆိုပူဇော်မည်ဖြစ်သည်။

အလားတူ ယနေ့တွင်လည်း အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများကို တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့များ၌ ပြုလုပ်ကြရာ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများက အသီးသီးတက်ရောက်ခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။