ကျိုင်းတုံမြို့၊ အမျိုးသမီး သက်/မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် ယဉ်ကျေးမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်

နေပြည်တော်၊ မေ - ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ အမျိုးသမီး သက်/မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်ယဉ်ကျေးမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမျူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမျိုးသမီး သက်/မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းကာလ ၁၈ ပတ်အတွင်း စာတွေ့/လက် တွေ့ သင်ကြားပို့ချမည့် အစီအစဉ်များနှင့် အခြားမြို့နယ်များမှ သင်တန်းတက်ရောက် လာသော သင်တန်းသူများအတွက် နေထိုင်နိုင်ရေး၊ စားသောက်ကျွေးမွေးမှုစီမံ ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းမှူးက အမျိုးသမီး သက်/မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံသို့ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး သင်တန်းသူများပြုလုပ် ထားသော အိမ်တွင်းမှုပစ္စည်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ သင်တန်းအား သင်တန်းသူ ၃၀ ဦးဖြင့် စက်တင်ဘာ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် စက်ချုပ်ဘာသာရပ် ၂၀ မျိုး၊ လက်မှုဘာသာရပ်များ၊ ပုလဲလုံးဖြင့် တစ်သျှူးဗူးများ၊ ပန်းဆိုင်းအလှများ၊ မှန်ဇာဖြင့် ဦးထုပ်ထိုးခြင်းများနှင့် မုန့်လုပ်နည်းစသည့် အိမ်တွင်းမှုအတတ်ပညာ ဘာသာရပ်များ ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အလားတူ မိုင်းဆတ်မြို့နယ်၊ အမျိုးသမီး သက်/မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ကို မိုင်းဆတ်တပ်နယ်မှ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။